သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်

မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။

ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့
၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ကျွန်တော်တို့ရဲ့ဘ၀မပြောင်းလဲခဲ့ဘူး။

.

တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး... ကစားစရာ အရုပ်မရှိဘူး... ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ.... ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်းကနေကျွန်တော်ထွက်ပြေးဖို့ကြိုးစားခဲ့မိလို့ပဲ။

လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလှောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုတ်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။


တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ...ကျွန်တော်နားမလည်ခဲ့ဘူး....၀ီလီကိုကြည့်လိုက်လိမ္မော်သီးကိုကြည့်လိုက်နဲ့ကျွန်တော်ဇဝေဇ၀ါဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။

ဝီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။

*သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား... သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ..... နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်*.........

ပြေသိန်း မှတဆင့်ရရှိသည်။