ကြယ်များလွန်လျှင်



မောင်ညိုပြာ

အခန်း(၅)
ဆရာဝန်ကြီး၏ ရုပ်ကလာပ် ဘုရားရှိခိုးကျောင်း ချပ်(ခ်ျ) တဲမှာ ရောက်နေပြီ။ ငိုကြွေးနေသော တေးသံများသည် ဘယ်သံညာသံမှ မကြားရသော ဘုရားကျောင်းတွင်းမှာ အလိုလိုကြားနေရသည်။ ဆွေးမြေ့ စုပေါင်းငိုကြွေးပွဲ သို့မဟုတ် ၀ိညာဉ်တစ်ခုအတွက် ၀ိုင်းရံဆုတောင်းပွဲကို စတင်မှုအဖြစ် နေ့လည်တစ်နာရီကို သတ်မှတ်လိုက်ကြသည်။

.


ခုခါ လူတွေတော်တော်စုံနေပြီ။ ပန်းခြင်းများ၊ ပန်းခွေများ၊ ပန်းကုံးများ၊ ပန်းခွေများ၊ ပန်းခက်များ၊ သိက္ခာတော်ရ ဆရာတော်များ နေရာယူထားကြသည့် စင်မြင့်၏ နဖူးတော်မှာ ချိတ်ဆွဲထားကြ၊ ပြင်ဆင်ထားကြ၊ မွမ်းမံထားကြသည်။ လွမ်းသူ့ပန်းခွေများ ထင်သည်ထက်ပိုနေသည်။ ကျွန်တော်ကိုယ်တိုင် ပေးပို့သော လွမ်းသူ့ပန်းခွေတစ်ခုသည် တည်ရှိမနေပေ။ ကျွန်တော်၏ စိတ်ကူးထဲမှာ အချိန်ကုန်သွားခဲ့သည်။

တစ်နာရီထိုးဖို့ ၁၅မိနစ်အလိုမှာ စန္တယားတီးလုံးများနှင့် အော်ဂင်တီးလုံးများ၏ ကြေကွဲမှုသည် လွင့်ခလာလေသည်။ သစ်ပင်အိုတစ်ပင်မှ ရွက်ကျင်တွေ တစ်ရွက်ချင်းအဆက်မပြက် ကြွေကျနေသလို အာရုံထဲထင်မြင်လာသည်။ ဂန္တ၀င် ဆုတောင်းသီချင်းများ၊ ဓမ္မသံစုံများကို ဖေါ်ကျူးနေကြပေမဲ့ ရင်ထဲမှာတော့ လိ(ဖ်)မိတင်ဒါတေးသွားကို အမှတ်ရနေမိလျှက် ကြည်နူးမသွားပဲ ၀မ်းနည်းလှိုက်ဖို ငိုရှိုက်နေမိပါသည်။

ဝိညာဉ်သစ်သို့ ကူးပြောင်းပွဲ..တဲ့။

ကျွန်တော် ဘယ်ဘက်ခုံတန်းစု၏ တတိယတန်းမှာ ထိုင်နေသည်။ ကျွန်တော့ဝန်းကျင်မှာ အမျိုးသမီးတွေချည်းပါပဲ။ သူတို့မိသားစုများက ညာဘက်ခုံတန်လျားများ ကြားထဲမှာ၊ အငယ်မနှင့် ဒုတိယသမီးတို့ ၀တ်စုံအနက်များ ၀တ်ထားကြသည်။ စန္တယားနှင့် အော်ဂင်သံများမှာ တမင်မျက်ရည်ချူနေသလားမသိ၊ လောကဓံကို ရင်ဆိုင်ဝံ့သော မိသားစုအသိုက်အမြုံဆိုပေမဲ့၊ ယခုတစ်ခါ ရိုက်ပုတ်လိုက်သော လောကဓံ၏ လက်ဝါးချက်မှာ ပြင်ထန်လှသဖြင့် သူတို့တစ်တွေ၏ ခံနိုင်ရည် ကျော်လွန်သွားလျှက် မျက်ရည်များ ကျနေကြရှာသည်။

စင်ကာပူမှ ရောက်လာသော သားကြီး၊ သားလတ်တို့မှာ ရှေ့ဆုံးတန်းမှာ တသီးတခြား ထိုင်နေကြသည်။ သူတို့ကလေးတွေရဲ့ မျက်လုံးထဲတွင် 'ကျွန်မတို့၊ ကျွန်တော်တို့ အဖေမှာ ဘာအပြစ်ရှိသလဲ' လို့ သေမင်းကို မေးခွန်းထုတ်နေသလို ထင်ရသည်။

ကျွန်တော်သည် ကိုယ်ကိုယ်တိုင် ၀မ်းနည်းကျေကွဲရတာထက် ကျန်ရစ်ခဲ့သော မိသားစုအတွက် စာနာမှုများသည်သာ ပွားများနေခဲ့ပြီး တကယ်ဆိုတော့ ထိုဟာသည် တစ်ပတ်ပြန်လည်လာသောအခါတွင် မိမိကိုယ်တိုင် ဆွေးဆွေးမြည့်မြည့် ကြေကွဲခံစားရခြင်းဖြစ်သည်။ တစ်ခါတစ်ခါတော့ ဆရာဝန်ကြီးနှင့် နောက်ဆုံးတွေ့ခဲ့ရသော သမင်လည်ပြန် ကြည့်လိုက်သည့် အကြည့်ကို မြင်ယောင်လာပြန်သည်။ ကျန်ရစ်သော မိသားစုများနည်းတူ ထပ်တူထပ်မျှ ကျေကွဲဝမ်းနည်းရတယ်ဆိုတာ ဒါမျိုးပဲထင်သည်။ ဘာကြောင့်မှန်းမသိ ကျန်ရစ်ခဲ့သော လူနာများအတွက် သူက နားကြပ်နှင့် ထောက်စမ်းသပ်ပြီး၊ ကျွန်တော်က သွေးစစ်ပေးဖို့ ကိစ္စများအတွက် ကျွန်တော့အတွက် ဘက်ပဲ့သွားခဲ့လေသည်။

ချပ်(ခ်ျ) ဘုရားကျောင်း (သို့မဟုတ်) သုဓမ္မာဇရပ်ထဲ ၀င်လာခါစက ယပ်တောင်နှင့် ဈာပနအစီအစဉ်စာရွက်ကို ကမ်းသည်။ ခရစ်တော်၏ ခေါ်တော်မူခြင်းခံရသော ဆရာဝန်ကြီး၏ ဈာပန၀တ်ပြုအစီအစဉ်။  ၅-၇-၉၂ တနင်္ဂနွေနေ့ နေ့လည်တစ်နာရီ၊ သမိုင်း ကရင်နှစ်ခြင်းအသင်းတော်။

ကောင်းစွာ တိုက်လှန်ခြင်းကို ငါပြုပြီး ပြေးရသောလမ်းကို အဆုံးတိုင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောင့်ပြီး ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျှက်ရှိ၏။ (ယပ်တောင်ပေါ်မှ စာတန်း)

အစီအစဉ်၊ သဘာပတိ၊ ဓမ္မဒေသနာများကို သိက္ခာတော်ရ ဆရာကြီးများက ဆောင်ရွက်ဟောပြောရန်၊ ထိုနောက် ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်း၊ ဓမ္မသံစုံ၊ အထုပ္ပတိ အကျဉ်းချုပ်၊ ဓမ္မသီချင်း အမှတ်(၁)၊ ဓမ္မဒေသနာ၊ ဓမ္မသံစုံ၊ ဓမ္မသီချင်းအမှတ်(၂)၊ ကြေညာခြင်း၊ အသုဘယာဉ်သို့ ထွက်ခွာခြင်း။ 

ဓမ္မသီချင်းအမှတ်(၁)
ရွှေမျက်နှာတော် ဖူးမြင်ကျူး၊ ရွှေမျက်နှာတော် ဖူးမြင်ရသော်၊ ရှေ့တော်မှောက်တွင် ဆုံတွေ့စဉ်၊ ၀မ်းသာပြည့်စုံစွာ ဖူးမြှော်ရာ သေခံရှင် ငါ့ကိုကယ်တင်။
မျက်နှာဆုံတွေ့ ခရစ်တော်ရှေ့၊ ကြယ်များလွန်လျှက် ကောင်းကင်ထက်၊ ဘုန်းတော်ပြည့်ဝ ချိန်တန်ကာလ ဖူးမြင်ရှင် ယေရှုသခင်၊ ရှေ့တော်ထံရောက် လွန်စွာဝမ်းမြောက်၊ နာကျည်းဝမ်းနည်း၊ ပပျောက်ဆဲ၊ ကောက်သောလမ်း ဖြောင့် မြတ်ရှေ့တော်၊ မှောင်ရိပ်တွင် လင်းပါစေ။

ထိုဓမ္မသီချင်းကို ဖတ်ရှုရချိန်မှ ခံစားချက်များကတော့ ဆရာဝန်ကြီး အနိစ္စရောက်ခြင်းကို စက္ကန့်တိုင်း သတိပေးနေသလို ခံစားရ၏။

ဓမ္မသီချင်း အမှတ်(၂)
သန့်ရှင်းသော ၀ိညာဉ်တော်ကျူး၊ သန့်ရှင်းဝိညာဉ်၊ လမ်းပြရှင်၊ တပည့်တော် နားနေအစဉ်၊ ကောင်းကင်ခရီး လျှောက်သွားစဉ်၊ ဖြည်းညှင်းစွာ လမ်းပြသခင်၊ မောပန်းဝိညာဉ် ၀မ်းမြောက်ချေ၊ ချိုသာသံတော် နားထောင်လေ၊ ခရီးသည်များနောက်သို့ လိုက်လာ၊ ပို့ဆောင်မည် အိမ်တော်သာယာ၊ ဆောင်ရွက်ရန်အမှုပြီးလျှင်၊ ခေါ်တော်မီချိန် စောင့်နေစဉ်၊  ဆုတောင်းလျှက် မျှော်လင့်တောင့်တ၊ ကောင်းကင်ဘုံ ၀င်ရန် တသ၊ သေခြင်းမြစ်ကို ကူးသောခါ၊ သွေးတော်မြတ် မှီခိုကိုးစား၊ နောင်တော်လိုက်ရန် ခေါ်တော်မူပါ၊ အိမ်တော်သာယာ .. အာမင်....

ထို ဓမ္မတေးနှစ်ပုဒ်ကို ခရစ်ယာန် တေးကျူးအဖွဲ့၊ ကွိုင်ယာတီးမှုတ်သီဆိုလိုက်ချိန်မှာ တရားနာပရိတ်သတ်အပေါင်း သူတို့၏ ရင်သွေးသားရင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ခံစားရကြောင်း မျက်နှာအသီးသီးတွင် ဖေါ်ပြနေသည်။

လူတစ်ယောက် စဉ်မြင့်ပေါ်က စကားပြောခွက်ရှိရာ ရှောက်လှမ်းလာပြီး၊ ဆရာဝန်ကြီး၏ အထုပ္ပတိကို ပြောပြသည်။ ဇာတိမွေးသက္ကရာဇ်၊ အိမ်ထောင်ကျနှစ်၊ စသည်ဖြင့် သားသုံးယောက်၊ သမီးသုံးယောက် ထွန်းကားခဲ့၊ ဆရာဝန်ကြီး၏ ဖခင်မှာ သူငယ်ငယ်အရွယ်မတိုင်မှီ ဆုံးပါးခဲ့။ ဆရာဝန်ကြီးမှာ တစ်ဦးတည်းသော သားဖြစ်ကြောင်း၊ ယခုလို သားတွေ၊ သမီးတွေနှင့် သိုက်သိုက်ဝန်းဝန်းဖြစ်လာသော မိမိဘ၀ကို နှစ်သက်လှကြောင်း၊ ထို့နောက် နိုင်ငံခြားဘွဲ့များ ယူခဲ့သည့် နှစ်တွေကို ဖော်ပြပြန်သည်။ ဆရာဝန်ကြီးသည် သူ့တစ်ပါးကို ဒုက္ခမပေးလိုသဖြင့် သူခံစားနေရသည့် ရောဂါဝေဒနာမှာ ပြင်းထန်လှသော်လည်း အိမ်သားတွေက မေးလာလျှင် သက်သာကြောင်း၊ ဆုံးသွားသည်ထိ ပြောခဲ့ကြောင်း၊   ယခုလို သူ့အား နောက်ဆုံးနှုတ်ဆက်ချိန်တွင် သူ့အငယ်ဆုံးသားမှာ ၁၁နှစ် တင်းတင်းပြည့်သဖြင့် ခရစ်ယာန်တွေ ထုံးတမ်းအစဉ်အလာအရ ဒီည ဆုတောင်းပွဲ လုပ်ဦးမည်ဖြစ်ကြောင်း။

ကျွန်တော်သည် ဈာပန (ဒုတိယပိုင်း) အစီအစဉ်ကို ဖတ်နေမိပြန်သည်။

မြေသို့ အပ်နှံဝတ်ပြုခြင်း၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့် မြှောက်သော်လည်း ဤပဌနာ၊ ကိုယ်တော်နှင့် နီးစေပါ။ ယေရှုက ငါသည် ထမြောက်ခြင်းအကြောင်း၊ ရှင်သန်ခြင်းအကြောင်းဖြစ်၏၊ ငါ့ကို ယုံသောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ယေရှုက သေခြင်းမှ ထမြောက်စေတတ်တော်မူသော ဘုရားသခင်၏ ၀ိညာဉ်တော်သည် သင်တို့ကိုယ်၌ ကိန်းဝပ်တော်မူပြီးလျှင် ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သေတတ်သောသူတို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူ၏'

ထိုစာပိုဒ်မှာ သုဿန်တွင် ရွတ်ဆိုသီဆိုရမည့် တေးသီချင်းတိုလေးနှင့် စကားပြေများဖြစ်သည်။ ထိုသို့ တေးချင်းတော်များ၊ တေးငယ်များ၊ ဘုန်တော်ဘွဲ့များကို ဖတ်ရ၊ နားဆင်ရပါများတော့ ကျွန်တော့ရင်ထဲမှာ ဘာသာတရားကိုးကွယ်ယုံကြည်ခြင်းထက် ကျော်လွန်သော အနုပညာဝိညာဉ်တစ်ခု ပူးကပ်ဝင်ရောက်လာပြီးနောက် ကျွန်တော့စိတ်သည် စုစည်းမရအောင် ပြန့်ကျဲနေသည်။

ကျိုးစားစုစည်းလိုက်တော့ သေခြင်းတရားနှင့် ခရစ်ယာန်များယုံကြည်မှုတို့ကို ဆက်စပ်သော လင်္ကာတစ်ပိုဒ် ပေါ်လာသည်။

ကြယ်များ လွန်လျှင်
ဝိညာဉ် မြစ်တွင်း
လှေ တစ်စင်းဖြင့်
စုန်ဆင်းသွားသော်
အိမ်တော်ကိုရောက်
ယေရှုထံမှောက်
တစ်မိုးသောက်တွင်
တပည့်တော်ရောက်ပြီ
အရှင်

ဆရာဝန်ကြီး၏ ရုပ်ကလပ်ထည့်ထားသည့် အခေါင်းပေါ်တွင် ရေးထားသော အသက်အပိုင်းအခြားသည် သေမင်း၏ ရက်စက်မှုကို လူတွေက မှတ်ချက်ပေးစရာဖြစ်လာသည်။ အသက် ၇၀ လောက် (သို့မဟုတ်) ထို့ထက်ပိုလျှင် သေမင်းကို မှတ်ချက်မပေးတော့။ အသက်၅၃နှစ်မှာ ကွယ်လွန်သည် ဆိုသည်နှင့် သေမင်းပေါ့၊ သင်းလက်ချက်ပေါ့၊  ရက်စက်လိုက်တာ .. ဟု လူတွေ၏ အသဲနှလုံး၊ အတွင်းဖက်အကျဆုံး နေရာမှာ တစ်ကိုယ်ရေ မှတ်ချက် ချနေမိတတ်သည်။ သေမင်း၏ လက်ရဲ၊ ဇက်ရဲမှုကို အသိအမှတ်ပြုလိုက်သလိုလည်း ခံစားရသည်။ သေမင်းကို ရွံကြောက်ကြီး ကြောက်နေမိတတ်ပါသေးသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ဒီဘုရားကျောင်းမှာပေါ့၊ ဆရာဝန်ကြီးနှင့် ကျွန်တော် စကားလက်ဆုံကျဖူးသည်။ အသုဘတစ်ခု၊ ရပ်ကွက်ထဲမှ အသုဘတစ်ခု၏ ဆုတောင်းပွဲ တစ်ခုတွင် တွေ့ဆုံခဲ့ကြရသည်။ နောင်နှစ်နှစ်ကြာလျှင် သူ့အလှည့်နှင့် သူ၏ ၀ိညာဉ်မဲ့ ခန္တာကိုယ်ကြီး သည်နေရာရောက်လာလိမ့်မည်ဟု ပေါက်ပေါက်ရှာရှာပင်မတွေးတော မိခဲ့ပါ။

တရားဟောဆရာများ တစ်ယောက်ပြီးတစ်ယောက်၊ စကားပြောခြင်း အနှစ်သာရမှာ ခန္တာဆိုတာ မြေကြီးကလာတာ၊ မြေကြီးသို့ ပြန်သွားတာမဆန်း၊ အရေးကြီးသည်မှာ ၀ိညာဉ်ဖြစ်သည်။ ၀ိညာဉ်ကတော့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ သုံးပါးသောတစ်ဆူ ဖြစ်တော်မူထသော ဘုရားသခင်၏ အိမ်တော်ကြီး၏ အခန်းတစ်ခန်းမှာ နေခွင့်ရသွားပြီးဖြစ်ကြောင်း။

ကာယကံရှင် မိသားစု၏ အရေးကြီးဆုံးနေ့တစ်နေ့၏ နေ့လည် ၂ချက်ကျော်ကျော် ရှိပေပြီ။ မိခင်အိုကြီး၊ ဇနီး၊ သားသုံးယောက်၊ သမီးသုံးယောက်၊ စုစုပေါင်း လူသား၈ဦး၏ ဘ၀တစ်သက်တာမှာ အကြေကွဲရဆုံး ပူဆွေးရခြင်း၊ အပြင်ထန်ဆုံးနေ့တစ်နေ့။

လူအားလုံးမှာ ငိုကြွေးနေသကဲ့သို့ ထင်စရာ၊ သူတို့တစ်တွေ မျှတခံစားနေရပြီဆိုတာကတော့ ပေါ်လွင်လွန်းပါသည်။ ကျွန်တော့အနေနှင့် ပြောရလျှင် ဘုရားကျောင်းကန်တစ်ခုလုံး ငိုသံများနှင့် ရံဖန်ရံခါ ရှိုက်သံများနှင့် သေမင်းအား စုပေါင်းထားသော တတိယအသံကို မျက်နှာကျက်ကြားမှ ကြားနေရလေသည်။ ကျွန်တော်သည် အပြင်ဘက်သို့ ငေးမျှော်ကြည့်မိပြီး အလွန်အံ့သြရသည်။ ဘုရားကျောင်းအတွင်းသာမဟုတ် ပရ၀ဏ်မှာ လမ်းပေါ်မှာ လူတွေများလှချည်လား၊ မြန်မာ၊ကရင်၊ တရုပ်၊ ကုလားလူမျိုးများ။ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာမတူကြပေမဲ့ ဆရာဝန်ကြီး၏ ရိုးသားမှု၊ စာနာထောက်ထားမှုများအပေါ် လေးစားမှုမှာ ညီတူညီမျှ၊ လူ့လောကမှာ လူတစ်ယောက်ဟာ လူတွေအပေါ် ကောက်ကျစ်စဉ်းလဲမှု မရှိဘူး၊ မယုတ်မာဘူး၊ ဒုက္ခမပေးဘူး ဆိုတဲ့အဆင့်လောက် ရှိနေပြီဆိုလျှင် ထိုလူသည် မြင့်မြတ်သောအနေအထားသို့ အလိုအလျှောက် ရောက်သွားပြီဆိုခြင်းကို အကျယ်လောင်ဆုံး ပြောပြလိုက်သလို ခံစားရသည်။ အမှန်စင်စစ် ကျင်နာမေတ္တာဆိုတာ တကမ္ဘာလုံးက တညီတညွတ်တည်း ကိုးကွယ်ခဲ့သည့် ဘာသာတရားတစ်ခု ဖြစ်သည်ကို ဆရာကြီး၏ ဈာပနအခမ်းအနားက သက်သေပြနေသလို ထင်ရသည်။

ထိုအချိန်တွင် ဆရာကြီး၏ ရုပ်ကလပ်ကို နိဗ္ဗာန်ယာဉ်ရှိရာသို့  တရွေ့ရွေ့ ထမ်းပိုးလာကြပြီး လေဖြက်ထားသော သူ့မိခင်အိုကြီးက သူ့သားကို နောက်ဆုံး နှုတ်ဆက်လိုသဖြင့် သူတို့အိမ်ရှေ့မှ ပြန်ဖြက်ဦးမည့်အကြောင်း ဆရာတစ်ဦးက ကျေငြာသည်။ သို့ဖြင့် ဆရာကြီးရုပ်ကလပ်သည် ကျွန်တော်နှင့် အနီးကပ်ဆုံးနေရာရောက်လာပြီ။ ထိုစဉ် ကျွန်တော်မတ်တပ်ရပ်လိုက်သည်။ ရင်ထဲမှာ အမြင့်မားဆုံး ခံစားရချိန်၊ ရင်ထဲမှာပဲ အကျယ်လောင်ဆုံး၊ အပူဆွေးဆုံး ကျွန်တော်နှုတ်ဆက်လိုက်ပါသည်။

"ဆရာ့ကို ကျွန်တော် တစ်သက်လုံး သတိရနေမှာပါ။ နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဆရာရယ်.. နော်.."

[ မှတ်ချက်။ ကွယ်လွန်သူ - ဒေါက်တာဖရန်ကိုတင်။ ကျန်ရစ်သူ မိသားစု-မိခင်ကြီး ဒေါက်တာဂရိုတာ၊ ဇနီးနော်အော့တေးဗီးယား၊ သားသမီးများ (အသက်အရွယ်အလိုက်) စေမြဖောတင်၊ နော်တီးဖောတင်၊ စောဘအုံးတင်၊ နော်သမိုင်းဖောတင်၊ နော်စေးဖောတင်၊ စေကိုကိုတင်]

မောင်ညိုပြာ

၁၉၉၃ မဟေသီ မဂ္ဂဇင်းမှ ၀တ္တုတို အခန်း(၅) တစ်ခန်းသာ Type ရိုက်နိုင်ပါသေးသည်။ အခန်း(၁-၄)မှာ ငှက်ဖျားပါရဂူ ဆရာဝန်ကြီး မိသားစု၏ ဂုဏ်၊ ဘွဲ့ မြင့်မားသော်လည်း နှစ်လို၊ မေတ္တာရှင်စိတ်ထား၊ နှင့် ပုံသက်သေပြ ရိုးသား၊ နေထိုင်မှုများဖြစ်သည်။ သီဟရတနာစာပေမှ ၂၀ရာစု မြန်မာ့ဝတ္တုတို ၁၀၀၊ စာရေးဆရာ ၁၀၀ မှ တဆင့်ဖေါ်ပြပါသည်။ မုရန်