ခေတ်သစ်မြန်မာနိုင်ငံနှင့် ရှေးဟောင်းအစ္စရေးနိုင်ငံ (Nehemiah နေဟမိ အကြောင်း)

ခေတ်သစ်မြန်မာနိုင်ငံနှင့် ရှေးဟောင်းအစ္စရေးနိုင်ငံ
နေဟမိစာအုပ်က မြန်မာစာမျက်နှာ(၁၈)ရှိပြီး အခန်း(၁၂)ခန်း ခွဲထားပါတယ်။ အစ္စရေးနိုင်ငံ ယေရှုဆလင်မြို့ကို မြို့တော်ဝန်နေဟမိ ခေါင်းဆောင်ပြီး ပြန်လည်တည်ဆောက်ခြင်းအကြောင်းကို မှတ်တမ်းတင်ထားပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က အဖြစ်အပျက်ပါ။ အစ္စရေးနိုင်ငံကို ဘေဘီလုံ(အီရက်)တွေက တိုက်ခိုက်ဖျက်ဆီးပြီး ပညာတတ်အားလုံးနီးပါး သိမ်းယူသွားပါတယ်။ မကြာခင် ဘေဘီလုံအင်ပါယာကို ပါရှား(အီရန်)တွေက အနိုင်ယူပြီးနောက် ဘေဘီလုံမြို့တော်မှာ သိမ်းဆည်းခံသွားရတဲ့ နေဟမိ Nehemiah, born in babylon ဆိုတဲ့ သုခမိန်တစ်ဦးအကြောင်းပါ။ 

သူရဲ့ ဦးဆောင်မှုနဲ့ အစ္စရေးလူမျိုးများ ဘေဘီလုံမြို့က ပြန်လာပြီး မြို့တည်ထောင်ခွင့်နဲ့ ငွေကြေးဘဏ္ဍာထောက်ပံ့မှု ရရှိခြင်း၊ မြို့ပြန်တည်ချိန် ပတ်ဝန်းကျင်က မရှုစိမ့်သူများရဲ့ ရန်ပြု၊ တိုက်ခိုက်မဲ့ရန်က ကာကွယ်ရင်း မြို့တည်ခဲ့ကြောင်း၊

ရောမစစ်တပ်ကြီးက အေဒီ၇၀မှာ ယေရုဆလင်မြို့ကြီးကို ဖျက်ဆီးခဲ့ ပြီး နှစ်ပေါင်း၁၉၀၀နီးပါး အစ္စရေးလူမျိုးများ ကမ္ဘာအနှံရောက်ရှိ နိုင်ငံပျောက်ဆုံးခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ အမေရိကန်နဲ့အင်္ဂလိပ် ၂နိုင်ငံရဲ့ အားပေးမှုနဲ့ နောက်ဆုံး ခေတ်သစ် အစ္စရေးနိုင်ငံတော်ကို ထူထောင်ခဲ့တာလဲ နေဟမိ နည်းလမ်းအတိုင်းပါပဲ။ 

ဒါကြောင့် အခုခေတ်ကာလမှာ နေဟမိ နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာပြည် ပြန်လည်ထူထောင်ချိန်မှာလဲ ဒီနည်းလမ်းကိုပဲ သုံးရမှာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်ပေမဲ့ ဂျူးလူမျိုးတို့ရဲ့ ယေရှုဆလင်မြို့ ပြန်လည်တည်ဆောက်ခြင်းက တကယ်လက်တွေ့ နည်းလမ်းဖြစ်ပါတယ်။

ဒီအတိုင်းပဲ စင်ကာပူနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ နဲ့ လက်ရှိအံ့မခန်းတိုးတက်နေတဲ့ တရုပ်နိုင်ငံတို့ သူတို့လူမျိုးစရိုက်နဲ့အညီ ပုံတူကူးပြီး တိုးတက်ထွန်းကားနေကြပါတယ်။ နေဟမိ ဆိုတဲ့ မြို့တော်ဝန်တစ်ဦး နိုင်ငံတည်ဆောက်ခြင်းကို သိပေမဲ့လက်တွေလုပ်ဆောင်ဖို့ ခေါင်းဆောင်ကောင်းတဦးနောက်ကို လူမျိုးတစုလုံးက ဘယ်လိုလိုက်လျှောက်ကြိုးစားကြတယ် ဆိုတာ အကျဉ်းချုပ် ရေးလိုက်ရတာပါ။ စိတ်ဝင်စားသူများ နေဟမိကျမ်းစာကို အချိန်ပေးဖတ်ကြည့်နိုင်ပါတယ်။

အခန်း(၁)
နေဟမိ ဘေဘီလုံမြို့မှာ ကောင်းမွန်စွာနေထိုင်ရပေမဲ့ ဆင်းရဲမွဲတေ၊ ပျက်စီးနေတဲ့ သူတို့နိုင်ငံမြို့တော် ယေရုဆလင်မြို့အကြောင်း ကြားသိရတော့ အလွန်ဝမ်းနည်းကြေကွဲစွာ ငိုကြွေးမျက်ရည်နဲ့ နေ့ရက်ပေါင်းများစွာ တဦးတည်း အစာရှောင် (ဥပုဒ်စောင့်) ဆုတောင်းပါတယ်။ အကျိုးရလဒ်ကတော့ ဘေလီလုံရှင်ဘုရင်ကြီးရဲ့ ဖလားတော်ကိုင် ရာထူးကြီးကို ရရှိသွားပါတော့တယ်။ 

အခန်း(၂)
တနေ့မှာ ရှင်ဘုရင်ရှေ့တော်ဝင်စဉ် နေဟမိမျက်နှာမကောင်းဖြစ်နေတာ ဘုရင်က မေးပါတယ်။ အလွန်ကြောက်ရွံ့စွာနဲ့ အမှန်အတိုင်းဖြေပါတယ်။ သူ ရက်လရှည်ကြာစွာ အစာရှောင်ဆုတောင်းခြင်းကြောင့် ရှင်ဘုရင်မေးခွန်းတိုင်းကို လျှက်တပျက် တိကျစွာ ဖြေနိုင်ပါတယ်။ သူ့လူမျိုးတွေ ဆင်းရဲမွဲတေ ဒုက္ခကြီးစွာရောက်နေကြတာကြောင့် စိတ်ညှိုးငယ်ခြင်းကို ပြောပြတော့ ရှင်ဘုရင်စိတ်ကို ထိတွေ့စေပါတယ်။ ရှင်ဘုရင်ကြီးက နေဟမိကိုယ်တိုင်သွားရောက် ကူညီဖို့ မေးချိန်မှာလဲ အချိန်ကာလကို ဖြေကြားပါတယ်။ ဘုရင်က သွားဖို့ခွင့်ပြုပြီး ယေရုဆလင်မြို့က သိမ်းဆည်းလာတဲ့ ဘဏ္ဍာများကို ပြန်ပေးပါတယ်။ နေဟမိက ရဲဂံ့စွာနဲ့ သူတို့အုပ်စုကို ကာကွယ်ဖို့ စစ်လက်နက်ကိုင်များ နဲ့ လိုအပ်တဲ့ ဘဏ္ဍာများကို တောင်းဆိုပါတယ်။ ရှင်ဘုရင်တဆိပ်တော်နဲ့ အမိန့်စာကို တောင်းခံတာ ရှင်ဘုရင်က ပေးသနားတော်မူလိုက်ပါတယ်။

အခန်း(၃)
တောတောင် ဓါးပြများရန်ကြားကနေ အလွန်ဝေးကွာတဲ့ ခရီးကိုထွက်ခွာပြီး ယေရုဆလင်မြို့ပျက်ကြီးဆီ နေဟမိတို့ ရောက်ရှိသွားပါတယ်။ (၃)ညတိုင်အောင် ညတိုင်း တယောက်တည်း မြို့ဟောင်းကြီးကို စနည်းနာပါတယ်။ မြို့သစ်တည်ဖို့ အကြံအစည်ကို ဘယ်တဦးတယောက်ကိုမှ မပြောပါဘူး။ ဘုရားသခင်ဆီပဲ အဆက်မပြတ် ဆုတောင်းပါတယ်။ နေဟမိ ဦးဆောင်မှုနဲ့ မြို့ပျက် ပြင်ဆင်လုပ်ငန်းတွေ စတင်လုပ်ဆောင်ပါတော့တယ်။ ပါဝင်လုပ်ဆောင်သူများစွာကို အမည်နဲ့မှတ်တမ်းတင်ပါတယ်။ 

အခန်း(၄)
ရန်သူများကတော့ အနီးနားက မြို့များကို အုပ်ချုပ်နေတဲ့ (၃)အုပ်စုဖြစ်ပါတယ်။ နေဟမိ မြို့ရိုးတည်နေတာကို ဖျက်ဆီး၊ တိုက်ခိုက်ဖို့ ကြံစည်လုပ်ဆောင်နေတာကြောင့် အစ္စရေးလူမျိုးများဟာ မြို့ပြင်ခြင်း နဲ့ ရန်သူကာကွယ်ခြင်း တပြိုင်ထဲ အလုပ်နှစ်ခု လုပ်ခဲ့ရပါတယ်။ အစ္စရေး လူမျိုးများ ညီညွတ်တာကြောင့် ရန်သူများ လာရောက်မတိုက်ခိုက်ဝံ့ကြပါ။ 

အခန်း(၅)
ထိုအချိန်မှာ မြို့ပြင်ဆင်နေသူများ မြည်တမ်းစိတ်ပျက် ညည်းတွားမှုများစွာ ဖြစ်လာပါတယ်။ ဆင်းရဲမွဲတေသူ အများစုဖြစ်ကြပြီး သူတို့လယ်မြေများ သိမ်းဆည်းခံရခြင်း၊ အကြွေးပြန်မဆပ်နိုင်လို့ သားသမီးများကို ကျွန်အဖြစ်ပေးအပ်ရခြင်းများကြောင့် နေဟမိ အလွန်ဝမ်းနည်းပြီး စုံစမ်းပါတယ်။ အမျိုးသားအချင်းချင်း အတိုးစားခြင်းကြောင့် (လူမျိုးအချင်းချင်း ခေါင်းပုံဖြတ် ဝိသမစီးပွားသမားများ) ကို မျက်ရည်နဲ့ တားမြစ်ပါတယ်။ ကြွေးမြီတွေ လျှော်ပစ်ခိုင်းပါတယ်။ အမျိုးသားစိတ်ဓါတ်နဲ့ အချင်းချင်းကူမစေပါတယ်။ မြို့တော်ဝန် နေဟမိ ကိုယ်တိုင် ယခင်အုပ်ချုပ်သူများလို စည်းစိမ်နဲ့နေထိုင်စားသောက်ခြင်း မလုပ်ပဲ ဆင်းရဲမွဲတေသူများကို မဖိနှိပ်ပဲ အုပ်ချုပ်ပါတယ်။ 

အခန်း(၆)
(၅၂)ရက်အကြာမှာ မြို့ရိုးတည်ဆောက်မှု ပြီးစီးသွားပါတယ်။ အဲဒီအခါမှာ ရန်သူများက နေဟမိကို ညှိနှိုင်းဖို့ အကြိမ်ကြိမ်ခေါ်ပါတယ်။ နေဟမိက သံတမန်ပဲ စေလွှတ်ပြီး နားထောင်စေပါတယ်။ ရန်သူများက ဘေဘီလုံရှင်ဘုရင်ကို တော်လှန်ပုန်ကန်ဖို့ ကြံနေတယ်စွတ်စွဲပါတယ်။ နေဟမိက ညင်းဆိုပြီး မေတ္တာစာပဲ ပါးလိုက်ပါတယ်။ 

အခန်း(၇)
မြို့ရိုးတည်သူပေါင်း ၃သောင်းကျော် စာရင်းကို မှတ်တမ်းတင်ထားပါတယ်။ အနီးနားနေသူများနဲ့ ပေါင်းရင် လူဦးရေ (၄)သောင်းကျော် မြို့ရိုးတည် အောင်မြင်အထိမ်းအမှတ် အဖြစ် သီချင်းသည်များ။ ယစ်ပရောဟိတ်များ၊ လေဝိ(ဘုရားအမှုထမ်း)များ တစုတဝေးတည်း ပညတ္တိကျမ်းစာကို အများရှေ့မှာ ဖတ်ကြားပါတယ်။ ဆင်းရဲမွဲတေသူ မြို့သားများဟာ ဝမ်းနည်းစွာနဲ့ ငိုကြွေးကြတဲ့အခါ နေဟမိက အခုချိန်ဟာ ငိုကြွေးချိန်မဟုတ်တော့ကြောင်း၊ အောင်ပွဲခံရမယ်၊ ဝမ်းမြောက်ရမဲ့နေရက်ဖြစ်လို့ ပွဲသဘင်နဲ့အတူ စားသောက်ဆင်နွဲ ဝမ်းမြောက်စေပါတယ်။ (၇)ရက်လုံးလုံး ဆင်နွဲကြပါတယ်။ 

အခန်း(၈)
အဲဒီလရဲ့ ၂၄ရက်နေ့မှာ အားလုံးအစာရှောင်၊ လျှော်တေဝတ်ဆင်ပြီး ကိုယ့်အပြစ်ကို ဝန်ခံကြ ဝတ်ပြုကိုးကွယ်ကြပါတယ်။ ထာဝရဘုရားကို ချီးမွမ်းကြကုန်ပြီး ဒုစရိုက်မပြုကြဖို့ ဘုရားသခင်ထံ ဝန်ခံကြပါတယ်။ သစ္စာပြုပြီး တံဆိပ်ခပ်ကြပါတယ်။ 

အခန်း(၁၀)
နေဟမိ ခေါင်းဆောင်မှုနဲ့ ယေရုဆလင်မြို့သားများ ဘုရားအတွက်အလှုငွေထည့်ဝင်ခြင်း (ဆယ်ဖို့တစ်ဖို့ပေးခြင်း) နဲ့ အုပ်ချုပ်ရေးအတွက် အခွန်ဘဏ္ဍာပေးအပ်ခြင်းများ ပြုလုပ်ကြပါတယ်။ ဂတိသစ္စာပြု တံဆိပ်ခပ်ကြပါတယ်။ 

အခန်း(၁၁)
ယစ်ပရောဟိတ်နဲ့ အုပ်ချုပ်သူ၊ ဝန်ထမ်းများကို မြို့ရွာများအတွက် ခန့်အပ်ပါတယ်။ 

အခန်း (၁၂)
မြို့ရွာ အုပ်ချုပ်သူများစာရင်း၊ သီဆိုချီးမွမ်းကြခြင်း၊ ယစ်ပရောဟိတ်နဲ့ လေဝိလူ (ဘုရားအမှုဆောင်)များကို မှတ်တမ်းတင်ပါတယ်။ အလွန်ရှည်လျှားစွာ ဘုရားသခင်ကို သီဆိုချီးမွမ်း ဂုဏ်တော်ချိးမွမ်းခြင်းများ ပြုလုပ်ကြပါတယ်။ 

အခန်း (၁၃)
မကြာခင်မှာ လေဝိလူ (ဘုရားအမှုဆောင်များ) လယ်တောကို ပြန်သွားကြတာ တွေ့ရပါတယ်။ ပြည်သူလူထုက လေဝိလူများကို ပုံမှန်မထောက်ပံ့ မပေးကမ်းလို့ လယ်တောပြန် လယ်လုပ်ကြတာကို နေဟမိ သိရှိပြီး ပြန်ခေါ်ပါတယ်။ လှုဒါန်းစေပါတယ်။ အုပ်ချုပ်သူများ ရရှိတဲ့ ဘဏ္ဍာတော်ကို စနစ်တကျ စီမံခန့်ခွဲစေပါတယ်။ ဥပုဒ်နေ့ကို အရောင်းအဝယ် စီးပွားလုပ်နေခြင်းကို ရပ်တံ့စေပါတယ်။ ဥပုဒ်နေ့ အလုပ်မလုပ်စေပဲ အနားယူစေပါတယ်။ 

နိဂုံး

စုစုပေါင်း အခန်း(၁၃)ခုကို အကျဉ်းတင်ပြခြင်းဖြစ်ပါတယ်။ ခေတ်သစ် အစ္စရေးနိုင်ငံတည်ထောင်ခြင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယန် အစိုးရလက်ထက်က စပြီး၊ ၁၉၄၈ ကနေ ၁၉၇၃ အထိ အိမ်နီးချင်းရန်သူ အာရပ်နိုင်ငံများနဲ့ (၄)ကြိမ်တိုင်အောင် စစ်တိုက်ခဲ့ရပါတယ်။ စစ်ပွဲတိုင်းကို အစ္စရေးလူမျိုးတို့ အနိုင်ရရှိခဲ့ပါတယ်။

အခုအခါမှာ ငြိမ်းချမ်းရေးရရှိထားတဲ့ ကာလဖြစ်ပေမဲ့ အစ္စရေးနိုင်ငံသားများဟာ အမြဲစစ်မှုထမ်းဖို့ အသင့်ပြင်ထားရပါတယ်။ အစ္စရေးတွေဟာ သူတို့နင်းတဲ့မြေကို ဘုရားကောင်းကြီးပေးတယ်လို့ ခံယူပြီး ကြိုးစားကြပါတယ်။ ကြွယ်ဝချမ်းသာကြပါတယ်။ အာရပ်တွေကလည်း ဘုရားပေးတဲ့ ရေနံသယံဇာတတွေ ပိုင်ဆိုင်ပြီး ကြွယ်ဝကြပါတယ်။ 

မြန်မာနိုင်ငံအတွက်တော့ အဓိကအားဖြင့် မြန်မာအချင်းချင်း မတရားစီးပွားရှာ၊ အကြွေးတွေကို လျှော်ပစ်ဖို့လိုပါတယ်။ နိုင်ငံတော်အစိုးရဆိုတာ အလွန်ကြွယ်ဝသူများထံမှ အခွန်ငွေမှန်ကန်စွာ ကောက်ယူပြီး၊ ဆင်းရဲမွဲတေတဲ့ ပြည်သူလူထုဘဝကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ အလားတူ ဘာသာရေးကျောင်းများက ဘုန်းကြီးများကလည်း ကြွယ်ဝချမ်းသာသူများထံက ရရှိတဲ့ လှုဒါန်းငွေများနဲ့ ဆင်းရဲမွဲတေတဲ့ ပြည်သူလူထုအတွက် ဝေငှအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ဖြစ်ပါတယ်။ အမေရိကန်၊ တောင်ကိုးရီးယား၊ စင်ကာပူ စတဲ့ တိုးတက်လာတဲ့နိုင်ငံများမှာချမ်းသာကြွယ်ဝသူများက ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်ကျောင်းများကို တည်ထောင်ပေးပြီး၊ ပညာချွန်ဆုများစွာ ပေးအပ်ခြင်းနဲ့ ဆင်းရဲမွဲတေသူများစွာကို ဘဝမြှင့်တင်ပေးပါတယ်။ စာရိတ္တကောင်းသူ ပညာရည်ချွန်များစွာ ပေါ်ပေါက်လာပြီး နိုင်ငံတိုးတက်ကြီးပွားလာကြပါတယ်။ 

နိုင်ငံအတွက် ရာထူးတခုမှ တာဝန်မယူပေမဲ့လဲ အိမ်ထောင်မိသားစု အတွင်းမှာပဲ နေဟမိနည်းလမ်း ကျင့်သုံးခြင်းနဲ့ မိမိအိမ်ထောင်စု တိုးတက်လာမှာ သေချာပါတယ်။ 

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုလဲ အလားတူ လုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လို တခေတ်တယောက် ဘဝတခုလုံး စွန့်လွှတ်ထားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တဦးကို ၅နှစ်လောက် ဆက်လက်ထောက်ခံ နောက်လိုက်ကောင်းဖြစ်ကြဖို့ မျှော်လင့်မိပါတယ်။ 

Nenemiah
search in Google
နေ့စွဲ။ ဇူလိုင် ၂၁၊ ၂၀၁၆။ ရန်ကုန်မြို့။ 
ဓါတ်ပုံ။ ၂၀၁၆ အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ် နိုင်ငံခေါင်းဆောင်များဓါတ်ပုံ။