ဘုရားဖူးသွားခြင်းနှင့်ဘာသာရေး

ဘုရားဖူးသွားခြင်းနှင့်ဘာသာရေး , 2015 Murann Literature
ကောင်းမှုတခု နေ့စဉ်ပြု၊ဆိုတာ လုပ်ရမယ်၊ ဒါမှ တနေ့တနေ့ နေထိုင်ရတာစိတ်ချမ်းသာတယ် လို့ပြောလာတဲ့ အသက်၂၅နှစ်အရွယ်လူငယ်တစ်ဦး၊ လွန်ခဲ့တဲ့ ဆယ်နှစ်က အလုပ်အတူလုပ်ကိုင်ရင်း စကားစမြီပြောခဲ့ဖူးပါတယ်။ အခုတော့ အိမ်ထောင်ကျ၊ သမီးတစ်ယောက်နဲ့ စင်ကာပူမှာ အသက်၃၅နှစ်အရွယ် အိနြေ္ဒ Eindra Onlineline Store ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။

ငယ်စဉ်ကျောင်းသားဘဝက လေးစားရတဲ့ ဦးဖိုးကျားရေးတဲ့ စာပေများကို မြန်မာစကားပြေမှာ ဖတ်မှတ်လေ့လာခဲ့ပါတယ်။ ဘုရားဖူးသွားခြင်း ဆိုတဲ့ ရသဆောင်းပါးမှာ ရန်ကုန်ကောလိပ် ဘီအေကျောင်းသား သူ့သူငယ်ချင်းမောင်ထွန်းမောင်ရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို အလွန်ရသမြောက်စွာ တင်ပြထားပါတယ်။ အကျဉ်းချုပ် ပြန်ရေးရင် ....

//// ဘုရားဖူးသွားခြင်း - ဦးဖိုးကျား //// 
ထွန်းမောင်မှာ အလွန်အေးဆေးစွာ နေလေ့ရှိ၏၊ စကားနည်း၏၊ မဟုတ်မမှန် မဟားတရား မပြောတတ်၊ ဣနြေ္ဒကြီး၏၊ စကားနည်းသူတို့၏ စကားသည် လေးနက်တတ်သည်ဖြစ်ရာ ထွန်းမောင် စကားပြောလျှင် ကျွန်ုပ်တို့ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ရှိ၏၊ ဝါကြွားပြောတတ်သူသည် ထွန်းမောင်ရှေ့တွင် စကားပြောခဲ၏၊ အကြောင်းကား ထွန်းမောင်က တစ်ချက်တစ်ချက် ဝင်ထောက် လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်းပေါ်တတ်၏၊ အပေါင်းအဖေါ်နှင့် အချိန်ဖြုန်းမနေတတ်၊ တစ်ယောက်တည်း တွေးတော၍သော်လည်းကောင်း၊ စာဖတ်၍သော်လည်းကောင်း နေတတ်၏၊ သို့ရာတွင် အလွန် ရိုးသားဖြောင့်မတ်သူ ဖြစ်လေရကား၊ ကျောင်းသားများက ဝိုင်း၍ ရိုသေခင်မင်ကြ၏၊ ကျွန်ုပ်နှင့်ကား အခြားသူတို့ထက် ပို၍ ခင်မင်ကြ၏။

“ဟေ့ထွန်းမောင်၊ ကျိုက်ထီးရိုးဘုရားကို သွားရအောင်ကွာ၊ ဒို့ ၁၂ ရက်တောင် ရက်အားရတယ်”
“ဘုရားဖူးသွားတာ ကျိုက်ထီးရိုးတောင်သွားရမလားကွဲ့၊ ရွှေတိဂုံဘုရားကို သွားပါတော့လား၊ အတူတူပေါ့”
“မတူဘူး ဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် ဒို့မြန်မာပြည်ကိုကြွလာပြီး ရသေ့ကြီးတစ်ပါးကို ဆံတော်ပေးသတဲ့၊ အဲဒီဆံတော်အစစ်ကို ဌာပနာပြီး တည်တာမောင်ရဲ့ နားလည် ရဲ့လား”

ငါ့မှာငွေ ၅၀ကျပ်လောက်တော့ စုထားတယ်၊ မင်းမှာကော”
“ငါ့မှာလဲ ၅၀ ကျပ်လောက်ပါပဲ”
“အေး နေရာကျပြီ၊ စရိတ်စက စားဖို့သောက်ဖို့ ၁၅ ကျပ်လောက်ပဲ ကုန်မယ်ထင်တယ်၊ လှူဖို့ တန်းဖို့ အပုံကြီးပိုတာပဲ၊ ကိုင်းအခုညပဲ သွားကြစို့ကွယ်”

“ဟေ့-ဟိုတဲထဲမှာ အဘိုးကြီးလင်မယား နှစ်ယောက်နှင့် မြေးနှစ်ယောက် ဖျားပြီး လဲနေကြ တယ်၊ ငါအစားအသောက်ကလေး ဝယ်ပေးခဲ့ချင်တယ်၊ မင်းသွားနှင့်ကွယ်၊ ကင်ပွန်းစခန်းကို ငါမီအောင် လိုက်လာခဲ့မယ်”

အဲဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာမစားရတာ နှစ်ရက်တိတိ ရှိနေပြီ မောင်ရဲ့၊ သေဖို့ အဆင့်သင့်ပဲ ဆိုပါတော့၊ ဟော ဟိုမြေးအငယ်ကို အဲဟိုဆိုင်စုမှာသွားပြီး တောင်းရမ်း စားသတဲ့။

အဘွားအိုသည် စကားကို ဖြတ်၍ လက်အုပ်အထက်သို့ မြှောက်ချီကာ “ဘုရားသိကြားတော်၊ တပည့်တော်မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျမ်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ရေလိုအေးလို့ ပန်းလို မွှေးပါစေ…”ဆို၍ မျက်ရည်စမ်းစမ်းနှင့် ရှိခိုး ဆုတောင်းလေ၏၊ ကျွန်ုပ်တို့ ပတ်လည်ရှိလူများကိုပင် မေ့နေဟန်ရှိ၏၊

ညအိပ်ရာဝင်သောအခါ ကျွန်ုပ်၏စဉ်းစားခန်း ပေါ်လာလေ၏။
“အင်း- ထွန်းမောင်ကြီးဖြင့် ဘုရားဖူးလာရကျိုးနပ်လေပြီ၊ ထွန်းမောင်ရဲ့ကုသိုလ်ကို ငါအားကျလှသည်၊ ငါကြားဖူးသည်ကား မြတ်စွာဘုရားရှိစဉ်က တောနယ်မှ ရဟန်းနှစ်ပါးဘုရားကို ဖူးမြော်ရန်လာ ကြသတဲ့၊

ကျွန်ုပ်သည် သာဓုလေးလေးနက်နက်ခေါ်ပြီးမှ “မင်းကိုငါကျေးဇူးတင်တာတစ်ခုရှိသေးတယ်”
“ဘာလဲ ”
“မင်းကငါ့ကို ဘုရားဖူးနည်း နည်းကောင်းနည်းမွန်တစ်ခု သင်ပေးတဲ့အတွက်ပေါ့”
//// ဦးဖိုးကျား ////

ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်း စာအုပ်ကို ကိုးကားဖို့လိုက်ရှာတာ၊ မတွေ့တော့ ဖြတ်ကနဲ ဂူဂယ်ကို သတိရမိတယ်။ ကွန်ပြူတာ အင်တာနက်မှာ မြန်မာလို ဘုရားဖူးသွားခြင်း ဦးဖိုးကျား လို့ရိုက်ပြီးရှာလိုက်တော့ ခွန်အားရှိသောစာ ဖေ့စ်ဘုတ်တခုမှာ မြန်မာလို အစအဆုံး ဖတ်လိုက်ရပါတယ်။ အလွန်ပြောင်မြောက်လှတဲ့ စာရိတ္တပညာ Myanmar Good Attitude Literature စာပေ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ် တင်ပြထားသူhttps://mbasic.facebook.com/notes/ ကို ကျေးဇူးတင်ပါတယ်။

မြန်မာများ ပြည်တွင်းဘုရားဖူးသွားတဲ့ ဘတ်စ်ကားလုပ်ငန်း အောင်မြင်ကြပါတယ်။ ဘုရားပွင့်တဲ့ အိန္နိယနိုင်ငံ ဗုဒ္ဒဂါယာ ခရီးစဉ်ကလဲ အောင်မြင်ကြပါတယ်။ မွတ်ဆလင်များကလဲ မက္ကာမြို့ ဘုရားဖူးသွားခြင်းကို ငွေတတ်နိုင်သူများ တစ်သက်တခါ မလုပ်မနေရ လုပ်ငန်းအဖြစ် သတ်မှတ်ထားကြပါတယ်။ အခု ခရစ်ယန်များ တစ်သက်တခါ အလွန်သွားချင်တဲ့ ခရစ်တော်ဖွားမြင်တဲ့ ယေရုဆလင် ခရီးစဉ်အကြောင်း ဆက်ပါရစေ။

ဘုရားဖူးသွားခြင်း၊ ယေရုဆလင်ခရီးစဉ် - ဆရာဆိုး

စာအုပ်ငယ်တစ်ခုဖြစ်ပါတယ်။ အကျဉ်းချုပ်ပဲ ရေးလိုက်ပါမယ်။ ဆရာဆိုးတို့ ဇနီးမောင်နှံ ယေရုဆလင်ခရီးစဉ် ရန်ကုန်မြို့က ခရီးထွက်ခဲ့ကြပါတယ်။ ဦးစွာ ကာတာနိုင်ငံမှာ လေယဉ်ခဏရပ်နားပြီး၊ နောက် ဂျော်ဒန်နိုင်ငံကို ဝင်ပါတယ်။ ဂျော်ဒန်နိုင်ငံက ခရစ်ယာန် ၃၅%၊ မွတ်ဆလင် ၆၅% ရှိတဲ့ ဘုရင်ဟူစိန် အုပ်စိုးတဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ ခရူးဆိတ်စစ်ပွဲများ နှစ်ပေါင်း၃၀၀နီးပါး ဘာသာရေး၊ သတ်ဖြတ်ပွဲ၊ မွတ်ဆလင်-ခရစ်ယန် စစ်ပွဲများစွာ၊ ဥရောပတိုက်သားများ လာရောက် တည်ဆောက်ထားတဲ့ ရဲတိုက်ဟောင်းကြီးများစွာ ရှိနေပါသေးတယ်။ ပူပြင်းလှတဲ့ ကန္တာရမှာ ကုလားအုတ်နဲ့ သွားလာ၊ အိုအေစစ်ဆိုတဲ့ ရေရှိတဲ့နေရာမှာ စိုက်ပျိုး၊ နေထိုင်ကြသူ အရှေ့အလယ်ပိုင်းသားများ ဖြစ်ပါတယ်။ သခင်ယေရှု နှစ်ခြင်းခံတဲ့ ဂျော်ဒန်မြစ်ဝှမ်းဒေသ၊ အလွန်မြေသြဇာကောင်းတဲ့နေရာ၊ နေဗောတောင်၊ ခရူးဆိတ်စစ်ပွဲ၊ မြို့တော်အာမန်မြို့၊ ပင်လယ်သေ (သောဒုံအိုင်) Crusader, Mount Nebo, Amman , Dead Sea စတဲ့နေရာများအကြောင်း ရေးထားပါတယ်။ ငါးမနေနိုင်တဲ့ အလွန်ငံတဲ့ ရေငံအိုင် အပမ်းဖြေစခန်းမှာ၊ မမျှော်လင့်ပဲ ရုံးပိတ်ရက် အပမ်းဖြေထွက်လာတဲ့ ဂျော်ဒန်နိုင်ငံရောက် မြန်မာအထည်ချုပ် အလုပ်သမ အမျိုးသမီးလေးများနဲ့ တွေ့လိုက်တဲ့အကြောင်း၊ မှော်ဘီမြို့ ဝါးနက်ချောင်းကျေးရွာ၊ ဈေးအနောက်ပိုင်းကဦးဂွတို၊ ဒေါ်သန်းရှင်တို့ သမီးနဲ့ စကားစမြီပြောခဲ့ပါတယ်။ သုံးနှစ်လုပ်ခဲ့ပြီး၊ မကြာခင် မြန်မာပြည်ပြန်မယ်..လို့ မိဘလုပ်ကျွေးတဲ့ မိန်းကလေးငယ်က ပြောပြပါတယ်။

ခရစ်ယာန် ဘုရားဖူးအများစုက အစ္စရေးနိုင်ငံကို ဂျော်ဒန်နိုင်ငံကဆင့် ကုန်းကြောင်း၊ ဘတ်စ်ကားတွေနဲ့ လူဝင်ကြီးကြပ်ရေးကို ဖြတ်သန်း၊ ဝင်လာရပါတယ်။

အစ္စရေးနိုင်ငံဝင်လာတော့ ဘုရားဖူးလမ်းညွှတ်ကြီး အစ္စရေးလူမျိုး(ယုဒလူမျိုး) က ပွေ့ဖက်နမ်းရှုပ် ကြိုဆိုနှုတ်ဆက် ပါတယ်။ ယောင်္ကျားချင်း ပွေ့ဖက်နမ်းရှုံခံရတာ မြန်မာတစ်ဦးအတွက် ပထမဆုံးအတွေ့အကြုံပါပဲ။ ဘယ်နိုင်ငံကလာသလဲ မေးပါတော့ မြန်မာနိုင်ငံလို့ဖြေပါတယ်။ ကျေးဇူးရှင်တိုင်းပြည်က လာတာလား..လို့နှုတ်ဆက်တော့၊ ဘာဖြစ်လို့ကျေးဇူးရှင်ခေါ်ရပါသလဲ မေးရပါတယ်။ လမ်းညွှန်ကြီးက .. ကျနော်တို့ အစ္စရေးနိုင်ငံ အာရပ်နိုင်ငံများကြားမှာ စတင်ထူထောင်တဲ့ ၁၉၄၈ခု မေလ(၁၄)ရက်နေ့မှာ လွတ်လပ်ရေး ကြေညာစာတန်း ထုတ်ပြန်ပါတယ်။ နိုင်ငံအသီးသီးက ပတ်ဝန်းကျင် အာရပ်ကမ္ဘာ နိုင်ငံများရဲ့ ချေမှုန်းခြင်းခံရဖို့ သေချာသလောက်ရှိနေချိန် လွတ်လပ်ရေးကြေညာစာတန်းကို ရင်တမမနဲ့ အံ့သြစောင့်ကြည့်နေပါတယ်။ အစ္စရေးခေါင်းဆောင်များက သူတို့လွတ်လပ်ရေးကို ထောက်ခံတဲ့ သံကြိုးစာတစ်စောင် ပထမဆုံး ရရှိပါတယ်။

အရှေ့တိုင်း မြန်မာနိုင်ငံက နိုင်ငံတော်သမ္မတနဲ့ဝန်ကြီးချုပ်တို့ရဲ့ အကြောင်းကြားစာက "သင်တို့အတွက် ဂုဏ်ယူပါသည်၊ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုသည်၊ သင်တို့နောက်မှာ မြန်မာနိုင်ငံရှိပါသည်။ ဘုရားသခင်ကောင်းကြီးပေးပါစေ" ..ဆိုတဲ့ ပထမဆုံး အသိမှတ်ပြု သဝဏ်လွှာကို ရရှိခဲ့ပါတယ်။ ဒုတိယ အသိအမှတ်ပြုသဝဏ်လွှာကတော့ အမေရိကန်သမ္မတထံမှ ဖြစ်ပါတယ်။

ဒါဟာ အံ့သြဘွယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများကို အစ္စရေးနိုင်ငံခေါင်းဆောင်များ အမြဲအောက်မေ့သတိရနေသလို၊ ဘုရားသခင်ကလဲ အောက်မေ့သတိရမယ် ဖြစ်ပါတယ်။

ဆရာဆိုးရဲ့ ယေရုဆလင်ခရီးစဉ် စာအုပ်မှာ ဂျော်ဒန်၊ အစ္စရေး၊ အာရပ် နိုင်ငံများအကြောင်း၊ အလွန်သာယာလှပတဲ့ ယေရှုအသက်ရှင်နေထိုင်ခဲ့တဲ့ ဂါလိလဲဒေသအကြောင်း၊ တိဗေရိမြို့၊ ကပေရနောင်မြို့၊ နာဇရက်မြို့၊ ယေရုဆလင်မြို့ ..စတဲ့ဒေသတွေမှာ ဘာသာ၃မျိုး၊ ယုဒ (အစ္စရေး)၊ အာရပ်ဒေသခံများရဲ့ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်ဆလင်ဘာသာ ကိုးကွယ်သူများစွာအကြောင်း၊ ဘုရားဖူး ခရစ်ယာန်များစွာအကြောင်းကို စုံလင်စွာ ရေးသားထားပါတယ်။ စာအုပ် အဆုံးသတ်မှာတော့ ယေရှု ကားတိုင်အသေခံခဲ့တဲ့ ယေရုဆလင်မြို့က ၊ ကားတိုင်ခရီးလမ်းကို တင်ပြထားပြီး၊ ရှင်ပြန်ထမြောက်ခြင်း နဲ့ အဆုံးသတ်ထားပါတယ်။

မုရန် စာရေးသူ လှမင်းသူကတော့ မြင့်မြတ်သန့်ရှင်းသောနေရာသို့ တစ်ခေါက် အခန်းဆက် ဆောင်းပါးများမှာ ဓါတ်ပုံများစွာနဲ့ မုရန်ဝက်ဆိုက်၊http://murann.com/ebooks/htoosan.record.pdf မှာ ကြည့်ရှုနိုင်ပါတယ်။ 
.
လက်တွေ့ ဘုရားဖူးသွားရခြင်းက အင်မတန် ထူးခြားလှတဲ့ လောက ကောင်းကြီးမင်္ဂလာဖြစ်သလို၊ ဘုရားနှစ်သက်သဘောကျတဲ့ ဆင်းရဲဒုက္ခရောက်သူ၊ မုဆိုးမ၊မိဘမဲ့ကလေးများကို လှုဒါန်းကြည့်ရှု၊ ကူညီခြင်းက ပိုပြီးစစ်မှန်တဲ့ ဘုရားဖူးသွားခြင်းဖြစ်ကြောင်း၊ အနည်းငယ်တင်ပြလိုက်ပါတယ်။ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။ မုရန်