မိစ္ဆာပရောဖက် စာအုပ် (ဒုတိယအကြိမ်ထုတ်ဝေခြင်း) နှင့် မလေးရှားတွင်ထုတ်ဝေပြီး အခမဲ့ဝေငှခြင်း

အမှာစာ

သည်လောက၌ ကြောက်စရာအကောင်းဆုံးသော အရာသည် ခန္ဓာကိုယ်သေခြင်းမဟုတ်ဘဲ၊ ၀ိညာဉ်ဆုံးရှုံးခြင်းဖြစ်ကြောင်း ခရစ်တော်က ပြောခဲ့သည်။ (မ ၁၀း၂၈) ကျန်ုပ်တို့၏ ၀ိညာဉ်ကို စတေးမည့်သူလောက် မည်သူမှကြောက်စရာမကောင်းပါ။ သည်ကမ္ဘာပျက်ခါနီးအချိန်တွ် မိစ္ဆာပရောဖက်များစွာ ပေါ်လာမည်ဟု သခင်ယေရှုက သတိပေးထားပါသည်။ မိစ္ဆာ္တပရောဖက်သည် နောက်ဆုံးကာလ၏ အဓိကရန်သူဖြစ်ပါသည်။
ခရစ်ယာန်အသင်းတော်များထဲတွင် သစ္စာရှိစွာနှင့် အမှုထမ်းနေကြသော သင်းအုပ်ဆရာများ၊ တရားဟောဆရာများ၊ သာသနာပြုဆရာများ၊ ကျမ်းစာသင်ကြားသူများနှင့် နည်းမျိုးစုံဖြင့် ဧ၀ံဂေလိလုပ်ငန်း၌ ပါဝင်ဆောင်ရွက်နေသူ များစွာရှိပါသည်။ တစ်ဘက်တွင်လည်း ခရစ်တော်၏ သာသနာတော်ကို ညှိုးနွမ်းစေပြီး၊ ယုံကြည်သူတို့ကို လမ်းလွှဲသွားစေရန် ပြုလုပ်လျှက်ရှိသူ အမြောက်အများ ရှိကြပါသည်။ သို့ရာတွင် ကျန်ုပ်တို့နိုင်ငံ၌ သည်ပရောဖက် အတုအယောင်တွေအကြောင်းကို ထုတ်ဖေါ်လျှက် သတိပေးသောသူကို မတွေ့ရှိရသလောက်ပင် ဖြစ်နေပါသည်။ ဤအန္တရယ်သည် မည်မျှကြီးမား၍ ပြန့်နှံ့နေပြီဖြစ်ကြောင်းကို ဖေါ်ပြလိုသော ဆန္ဒဖြင့် ဤစာအုပ်ကို ရေးသားခဲ့ပါသည်။ 

ကောင်းကင်ဘုံသို့ သွားရသည့်ခရီးသည် ကျဉ်းသောလမ်းဖြစ်သောကြောင့် ကူညီပေးမည့် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်ခန့်အပ်ထားသည့် ပရောဖက်များရှိသလို၊ နှောက်ယှက်ဟန့်တား ပိတ်ဆို့မည့် စာတန်နှင့်သူ၏ မိစ္ဆာပရောဖက်တွေလည်း ရှိနေကြပါသည်။ သည်မိစ္ဆာပရောဖက်များသည် ကျန်ုပ်တို့သွားရလမ်းပေါ်မှ ဆူးငြှောင့်ခလုပ်နှင့် အမှိုက်သရိုက်များနှင့် တူပါသည်။ 
ကားမောင်းသွားစဉ် လမ်းပေါ်တွင်အမှိုက်ကောက် အမှိုက်လှဲနေသူများကို တွေ့ရှိတိုင်း ကျနော်ကျေနပ်ပါသည်။ သည်လိုလှည်းကျင်းသူ မရှိပါက ကြာလျှင်လမ်းပိတ်ဆို့ သွားပါလိမ့်မည်။ အမှိုက်ရှင်းရသောအလုပ်ကို မည်သူမှမလုပ်လိုပါ။ ဖြစ်နိုင်လျှင် လေအေးစက်တပ်ထားသော ရုံးခန်းတွင် ထိုင်ပြီး လိုအပ်သည်များကို ညွန်ကြားခြင်းက များစွာသက်သာ၍၊ သက်သာ၍ လစာပိုကောင်းပါ၏။ 
စာရေးရာတွင်လည်း တစ်ခါတစ်ရံ အမှိုက်လှဲရပါသည်။ လူတွေက နားထောင်ချင်ပြီး၊ လက်ခံလိုသော အကြောင်းအရာများကိုသာ ရေးနေ၍မရပါ။ အငြင်းပွားစရာ ကောင်းသည့် အရာမျိုးကိုလည်း တင်ပြလျှက် အမှန်တရားကို ဖေါ်ပြနိုင်ရန် (ဧ ၄း၁၅) ကြိုးပမ်းရမည့် အချိန်တွေရှိပါသည်။ 

အမှန်တရားကို သိပြီး ထန်ချန်ထားသူသည် အလွန်မှ တကိုယ်ကောင်း ဆန်ပါသည်။ အမှန်တရားအဖြစ်နှင့် မိမိသိရှိနားလည်ထားသည့် အတိုင်း ဝေငှပေးရန် လူတိုင်းတွင် တာဝန်ရှိပါသည်။ 
လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား အပုပ်ချရန် သည်စာအုပ်ကို ရေးသားခဲ့ခြင်းမဟုတ်ပါ။ အဘယ်သူနှင့်မျှလည်း ရန်ငြှိုးမရှိသည့်အတွက် မည်သူ့ကိုမျှ မတိုက်ခိုက်လိုပါ။ 
ယနေ့တွင် စာရေးဆရာတို့သာမက ခရစ်ယာန် တရားဟောဆရာကြီးများစွာသည်လည်း လူ့အကြိုက်လိုက်၍ ပရိတ်သတ်က ကြားလိုသော တရားတွေကိုသာ ဟောကြားလျှက် ရှိပါသည်။ Prosperity gospel ဟုခေါ်သော စီးပွားဖြစ်မည်၊ ရာထူးတိုးမည်၊ ဘုရားသခင်က လူတိုင်းကို ချမ်းသာစေမည်၊ ကျန်းမာစေမည် ဆိုသောတရားမျိုးဖြစ်ပါသည်။ သည်လိုဟောရသည့် ရည်ရွယ်ချက်၂ခု ရှိပါသည်။ 

ပထမက ထင်ပေါ်ကြော်ကြားလျှက် အလှုငွေများများရရန်ဖြစ်ပြီး
ဒုတိယကတော့ သည့်ထက်ပိုပင်ဆိုးပြီး စာတန်မာန်နတ်၏ မဟာဗြူဟာကို အကောင်ထည်ဖေါ်နေခြင်း ဖြစ်ပါသည်။

မိစ္ဆာပရောဖက်တိုင်းတွင် သည်ရည်ရွယ်ချက် ၂မျိုးစလုံးရှိပါသည်။ စာတန်နောက်လိုက်သည်မှာ လောက၌ ကြီးပွားချမ်းသာလိုသောကြောင့် ဖြစ်ပါသည်။ လောကီစည်းစိမ်ကို မက်မောလွန်းသည့်အတွက် လောကုတ္တရာအဖို့ မစဉ်းစားနိုင်တော့ဘဲ ဘုရားကိုပင် ကြောက်ရမှန်း မသိကြတော့ပါ။

ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့် အချိန်အတွက် ပြင်ဆင်ထားရန် အလွန်ကြီးမားသော မိစ္တာကွန်ယက်ကြီးကို စာတန်က တည်ဆောက်နေသည်မှာ ကြာပါပြီ။ ကျန်ုပ်တို့ ထင်သည်ထက် များစွာပို၍ ကျယ်ပြန်ပြီး အလွန်ကြောက်စရာ ကောင်းပါသည်။ သုံးပါးတစ်ဆူ ဘုရားနှင့် အပြိုင် တည်ဆောက်ထားသည့် အဖွဲ့တွင် စာတန်၊ အန္တိခရစ်နှင့် မိစ္ဆာပရောဖက်တို့ ပါဝင်ကြပါသည် (ဗျာ ၁၃)။ ယနေ့ တွေ့ရှိနေရသော ပရောဖက်အတုအယောင်များသည် နောက်ဆုံးသော ကာလ၌ ပေါ်ထွန်းမည့် မိစ္ဆာာပရောဖက်ကြီး၏ ရှေ့ပြေးများဖြစ်ကြပြီး၊ ထိုလူယုတ်မာကဲ့သို့ပင် အန္တိခရစ်အတွက် လမ်းခင်းပေးလျှက် ရှိနေကြပါသည်။ 
သည်ပုဂ္ဂိုလ်များ၏ အပြောအဆိုနှင့် အမူအယာများကို သေချာစွာလေ့လာ၍ သုံးသပ်ကြည့်လျှင် ခရစ်တော်ကို ဆန့်ကျင်သောဝိညာဉ်တသည် သူတို့အထဲတွင် ရှိနေကြောင်း တွေ့ရပါမည်။ ထိုဝိညာဉ်သည် ယနေ့ပင်ရှိနေသည်ဟု ရှင်ယောဟန်က ပြောပါသည်။ (၁ယော၎း၃)။ သည်မိစ္ဆာပရောဖက်တွေက ခရစ်တော်ကြွလာရန် နီးနေပြီဖြစ်သည့်အတွက် နောင်တရကြပါဟု အလွန်ပင်ဟောခဲပါသည်။ လူတိုင်း ကျန်းမာချမ်းသာရန် ဘုရားသခင်က အလိုရှိသည် ဟု ဆိုပြီး၊ ဤလောကပျော်မွေ့စရာများဖြင့် မက်လုံးပေးရင်၊ ကျန်ုပ်တို့ကို သူတို့နှင့်အတူ ငရဲသို့ တစ်ပါတည်း ခေါ်ဆောင်သွားပါလိမ့်မည်။ 
မိမိကိုယ်ကိုယ် ခရစ်ယာန်ဟု ခေါ်ဆိုပြီး လောကီနှင့်ဆိုင်သော အရာများကိုသာ စဉ်းစားနေသောသူသည် ဘ၀ကိုပြန်လည် သုံးသပ်ရန်လိုပါသည်။ 

လူတစ်ဦးသည် မိစ္ဆာပရောဖက် ဟုတ်သည်၊ မဟုတ်သည်ကို ကျနော်ပြောသည်ထက် စာဖတ်သူများကိုယ်တိုင် စဉ်းစား၍ ဆုံးဖြတ်သည်က ကောင်းပါသည်။ မိမိကိုယ်ကို ဘုရား၏ အမှုတော်ဆောင်ဟု ဆိုနေသူတစ်ဦးကို ကျနော် လက်ညိုးထိုးပိုင်ခွင့်မရှိပါ။ ယခုလို လုပ်ရန်လည်း မရည်ရွယ်ပါ။ ဘုရားကသာလျှင် နောက်ဆုံး၌ ဆုံးဖြတ်ပေးပါလိမ့်မည်။ 

ဤစာအုပ်တွင် နာမည်ပါသူတိုင်းသည် မိစ္ဆာပရောဖက်မဟုတ်ပါ။ အဖွဲ့အစည်းတိုင်းကိုလည်း မိစ္ဆာဂိုဏ်းဟု မစွတ်စွဲထားပါ။ မိမိကိုယ်ကို ကာကွယ်နိုင်ရန် သိရှိထားရမည့် အချက်အလက်များကို စုဆောင်း၍ တင်ပြပေးနေခြင်းသာဖြစ်ပါသည်။ အချက်အလက်တွေကို မည်သို့ရရှိကြောင်း သိရှိ၍ ကိုယ်တိုင်လေ့လာနိုင်ရန် ကိုးကားချက်များကို စာအုပ်အဆုံးတွင် ဖေါ်ပြပေးထားပါသည်။ ကာယကံရှင်တွေ ပြောဆို၊ လုပ်ကိုင်ခဲ့သော နေရာနှင့် နေ့ရက် အချိန်အခါ အတိအကျ တို့ကိုလည်း ဖြစ်နိုင်သည့်အခါ ဖေါ်ပြထားပါသည်။ လိုအပ်မည်ဟု ထင်သောအခါ မူလကပြောခဲ့သည့် အင်္ဂလိပ်ဘာသာဖြင့် တင်ပြပေးထားပါသည်။ မိစ္ဆာပရောဖက် ပြဿနာသည် လူတိုင်းနှင့် သက်ဆိုင်ပြီး၊ သေရေးရှင်ရေးထက်ပင် အရေးကြီးပါ၏။ 

ယခု ဂိုဏ်းဂနနှင့် ပတ်သတ်၍ အနည်းငယ်ပြောလိုသည်မှာ လူတီထွင်ထားသော အရာသာဖြစ်ပါ၏။ ခရစ်တော်၏ နိုင်ငံတော်တွင် မည်သည့်ဂိုဏ်မှ မရှိပါ။ ထိုသခင်အတွက် စေတနာမှန်နှင့် အလုပ်လုပ်သူတိုင်းသည် ကောင်းကင်ဘုံတွင် အကျိုးခံစားရမည် ဟု ကျနော် ယုံကြည်ပါသည်။ ကွန်ဂိုလို နေရာမျိုး၌ အခြားအဖွဲ့အစည်းများမှ သာသနာပြုများနှင့် အတူ နှစ်ပေါင်းများစွာ ကြာရှည်စွာ လုပ်ကိုင်ပြီးသောအခါ မိမိဂိုဏ်းကိုသာ ဘုရားက စေလွှတ်သည်ဟု ဘယ်နည်းနှင့်မျှ မမြင်နိုင်တော့ပါ။ ယေရှုခရစ်တော်ကို ယုံကြည်သူတိုင်းသည် မည်သည့် ဘာသာရေးဂိုဏ်းနှင့် အဖွဲ့အစည်းမှပင် ဖြစ်ပါစေ၊ ကယ်တင်ခြင်းခံရပါသည်။ ကျမ်းစာက သည်အတိုင်း ပြောထားပါ၏။ (ယော ၃း၁၆)။ ထိုကြောင့် အဓိက လိုအပ်ချက်သည် သခင်ယေရှုကို စိတ်နှလုံး အကြွင်းမဲ့ချစ်နိုင်ရန် ဖြစ်ပါ၏။ သို့ရာတွင် မိစ္ဆာပရောဖက်ကို ဆရာတင်မိလျှင် ဒုက္ခတွေ့နိုင်သေးသည့်အတွက် မိမိ ဘယ်သူနောက်လိုက်ပြီး၊ ဘယ်သူ့ကို ယုံနေမှန်း ကောင်းစွာသိဖို့ လိုအပ်ပါသည်။ 

ကျနော်အပါအ၀င် မည်သူပြောသမျှကိုမှ အလွယ်တကူ မယုံလိုက်ပါနှင့်။ အမှန်တရားသည် နှုတ်ကပတ်တော်၌သာ ရှိပါသည်။ သည်အမှန်တရားကိုလည်း ခွန့်ကြွေးလို့မရပါ။ သန့်ရှင်းသော ၀ိညာဉ်တော်က ဖေါ်ပြပေးမှရပါသည်။ သို့သော် မိမိကိုယ်တိုင်က မသိလို၊ မရှာလိုလျှင် အလိုအလျောက် တွေ့ရှိမည်မဟုတ်။

တစ်ခါက ရောမမြို့ဝန်တစ်ဦးသည် သခင်ယေရှုကို မေးခဲ့ပါသည်။ အမှန်တရားဆိုသည်မှာ အဘယ်နည်း..တဲ့။ 

သည်မေးခွန်းကို ပိလတ်က သရော်၍မေးသလား၊ တွေဝေသွား၍ မေးသလားကို ကျမ်းစာက မဖော်ပြပေးထားပါ။ လောကတွင် လူတို့အတွက် အလွန်လိုအပ်နေသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ 
အမှန်တရားဘယ်မှာရှိပါသနည်း။ အဘယ်သူ သိနိုင်ပါသနည်း။ ဘာသာတရားတွင်လား။ သိပ္ပံပညာ၌လား၊ အဘိဓါန်ထဲတွင်လား၊ ဒဿနိကပညာရှင်ကြီးများ၊ တက္ကဗေဒ(Logic) ပညာရှင်ကြီးများ၊ နက္ခဗေဒပညာရှင်နှင့်ဗေဒင်ဆရာများ၏ အတွေးထဲတွင်လား။ အမှန်တရားသည် လွယ်မလိုနှင့် ခက်နေသည့်အရာဖြစ်ပါသည်။ ထို့အပြင် အမှားနှင့်အမှန်ကြား၌ ပိုင်းခြားထားသော မျဉ်းကြောင်းက တစ်ခါတစ်ရံမှာ မှုန်ဝါးဝါးဖြစ်နေတတ်ပါသေးသည်။ အမှန်တရားနှင့်ပတ်သက်၍ ယေရှုခရစ်တော်က မည်သို့ပြောခဲ့ပါသနည်း။ 

မိမိကိုယ်တိုင်က အမှန်တရားဖြစ်သည်ဟု ဆိုပါသည် (ယောဟန် ၁၄း၆)။ 

အမှန်တရားကို အယူဝါဒ၊ အတွေးအခေါ်၊ အဖြစ်အပျက်တစ်ခု ဟု ကျန်ုပ်တို့ ခံယူထားကြသည်။ ယခု ခရစ်တော် ပြောနေသော အမှန်တရားက ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် မည်သို့နားလည်ရမည်နည်း။ လူတစ်ဦးသည် မှန်ရာကို သိရှိ၍ ပြောနိုင်သော်လည်း သူကိုယ်၌ကတော့ အမှန်တရားမဖြစ်နိုင်ပါ။ သို့ရာတွင် ခရစ်တော်သည် သာမန်လူတစ်ဦး မဟုတ်ပါ။ အလုံးစုံကို ဖန်ဆင်းသည့် ဘုရားဖြစ်ပါသည်။ အားလုံးသည် သူ၌ပင် အသက်ရှင် လှုပ်ရှားနေရပါသည် (တ ၁၇း၂၈)။ ထို့ကြောင့် သူပြောသမျှ၊ လုပ်သမျှတို့သည် အမှန်တရားပါပေ။ ယေရှုခရစ်တော်သည် ဘယ်အခါမှ မပြောင်းလဲနိုင်သော သမ္မာတရားဖြစ်ပါသည်။ အခြားအရာ အားလုံးက ပြောင်းလဲခြင်းနှင့် မကင်းနိုင်ကြပါ။ သို့ပါ၍ သမ္မာတရားတည်း ဟူသော ဘုရား၏ နှုတ်ကပတ်တော်မှ လွဲ၍ အခြား ဘယ်အရာကိုမှ မယုံကြပါနှင့်။ 

သည်စာအုပ်ကို ရေးရန် ကျနော် အတော်ပင် အချိန်ယူခဲ့ရပါသည်။ အကြိမ်ကြိမ်လည်း ဆုတောင်းခဲ့သည်။ လိုအပ်သော အချက်အလက်များကို ရှာဖွေရာတွင် မထင်မှတ်၊ မမျှော်မှန်းထားသည့် အရာများကို တွေ့ရှိခဲ့ရသည့် အတွက် အတော်ပင် တုန်လှုပ်ခဲ့ရပါသည်။ ဤလောကကြီးသည် ကျန်ုပ်တို့ ထင်သည်ထက် ရှုပ်ထွေး၍ ကြောက်စရာကောင်းပါသည်။ မြင်ရသည့်အတိုင်း မဟုတ်သော အရာများစွာ ရှိပါသည်။ လူသည် သတ္တဝါအားလုံးတွင် အကောက်ကျစ် အစဉ်းလဲဆုံးဖြစ်ပြီး၊ ဘယ်အခါမှ မိမိ၏ အကျည်းတန်သည့်အပိုင်းကို ပြသခြင်းမပြုပါ။ လူနှင့်စာတန် ပူးပေါင်း၍ လိမ်သောအခါတွင်တော့ ပို၍ ပိရိသည့်အတွက် အမှန်ကို သိရှိနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီကို လိုအပ်ပါသည်။ ဤစာအုပ်ကို မဖတ်မှီ အထူးမေတ္တာရပ်ခံလိုသည်မှာ မိမိ၏ စိတ်နှလုံးတံခါးကို ဖွင့်ထားပြီး၊ ဖေါ်ပြထားသည့် အချက်အလက်များကို ဘက်မလိုက်ပဲ သုံးသပ်ကြည့်ရန် ဖြစ်ပါ၏။ ကိုးကားချက်တွေ မှန်မမှန်ကိုလည်း စစ်ဆေးကြည့်ကြပါ။ သမ္မာတရားကသာ ကျန်ုပ်တို့ကို လွတ်မြောက်စေပါမည်။

Notes:
1. ဤစာအုပ်သည် လူမြောက်များစွာလာပြီး၊ အလှုငွေများစွာရသော အသင်းတော်များမှ၊ သင်းအုပ်များ ၊ ရီဘိုင်ဘယ်ဆရာများကို တိုက်ခိုက်ထားခြင်းမဟုတ်ပါ။ လူဆိုသည်မှာ အခက်ခဲကြုံသောအခါ ထွက်ပေါက်ရှာသဖြင့် Free Thinker (Athieist) ဘုရားမဲ့ဝါဒီ ဖြစ်ပါက ဆိုက်ကရေးထစ်ဆရာဝန်  psychiatrist ထံ ပိုက်ဆံပေးပြီး သွားသလို ၊ ဘာသာရေးဆရာကြီးများထံ ပိုက်ဆံပေးပြီး သွားကုသကြပါသည်။ သူတို့ စိတ်ဒုက္ခကို ကြိတ်ပြီးကုသရာတွင် တရားပွဲကြီးများကို သွားနားထောင်ကြသည်။ ထိုသို့သောသူသည် ဝိညာဉ်ရေးလိုအပ်နေသူများဖြစ်သည်။ ထို့ကြောင့် သွားပါစေ။ ထိုဆရာကြီးများသည် ဘာသာမရွေး၊ လူမျိုးမရွေး ကယ်တင်ခြင်း၊ ချစ်ခြင်းမေတ္တာတရားများကို ဟောရသောကြောင့် အသပြာဆရာဟု ထင်ကြသည်။ ထိုဆရာများသည် မိစ္ဆာာပရောဖက်မဟုတ်ကြပါ။ 

2. ဒေါက်တာဖေမြတ်ဝင်းသည် အာဖရိက ၁၂နှစ်ခရီးစဉ်မှ ၀ိညာဉ်ရေးအတွေ့အကြုံဖြစ်ပါသည်။ မေတ္တာတမန် မဂ္ဂဇင်းတွင် လစဉ်ဖေါ်ပြခဲ့သော ဆောင်းပါးများကို စုစည်းပြီး စာအုပ်ဝိညာဉ်ရေးမှတ်တမ်းများစာအုပ်တွင် ကွန်ဂိုနိုင်ငံ (ဇိုင်ယာနိုင်ငံ) နှင့် အာဖရိကနိုင်ငံများစွာ သာသနာပြု ဆေးရုံခွဲစိတ်ဆရာဝန်အဖြစ် ထမ်းဆာင်ခဲ့သူဖြစ်သည်။ စာအုပ်မှတစ်ခန်းကို ဖတ်ရှုနိုင်ပါသည်။ 
ဒေါက်တာဖေမြတ်ဝင်း၏ ၀ိညာဉ်ရေးမှတ်တမ်းများ စာအုပ်

3. ယခု မိစ္ဆာပရောဖက် စာအုပ်ကို လှုဒါန်းသူ တစ်ဦးရှိပါသဖြင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးပို့ပါက မေတ္တာဖြင့်ပို့ပေးပါမည်။ စင်ကာပူ၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျှား၊ မလေးရှား နိုင်ငံများအတွက် စာတိုက်မှတဆင့်ပို့ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဖေမြတ်ဝင်း ၀၉ ၅၀၂၈၈၅၈ ထံသို့ မှာကြားနိုင်ပါသည်။

4. ဖြန့်ချိသူ။ Scripture of Gospel Ministry, 286 (B)၊ မင်းကြီးလမ်း၊ အင်းစိန် ဖုန်း၊ ၀၉၄၂၁၀၂၂၃၆၀
ပုံနှိပ်သူ။ ဆည်းဆာပုံနှိပ်တိုက်၊ လမ်း-၄၀ (အလယ်)၊ ကျောက်တံတားမြို့နယ်။ ရန်ကုန် ဖုန်း-၃၉၂၈၃၂  .... မုရန်