မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း - သော်တာဆွေ လမ်းပြကြယ်(စင်ကာပူ) စာကြည့်တိုက် နှစ်လည်စာစောင်

သတ္တိနှင့်သစ္စာ၊ မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း တို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့်စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝံ့စွာပြုလုပ်ခြင်းသာ မဟုတ်သေး၊ မကောင်းမှုကို စောင့်ထိန်းရခြင်း၊ မှာယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အီးသည်းခံနိုင်ခြင်းလည်း သတ္တိမည်၏။ မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း ထိုနည်းအတူ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင်ရဲရင့်သူ ဖြစ်နေစေကာမူ၊ အမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်ကို မိမိသိလိုက်မိသည်နှင့် တပြိုင်နက် ထိုသူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့သည်။

ဝတ္တုတပုဒ်နှင့် သာဓကပြုပါမည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၅နှစ်ကျော်က ဖြစ်ပါသည်။ ကာယကံရှင်များမှာမူ လူ့ဘောင်တွင်မရြှိးတော့ပြီ။

ဦအောင်ဒွန်း......။

ကျွန်မတို့ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း၊ အင်မတန်မှရဲရင့်၊ သတ္တိရှိသည်ဟု ကျော်ကြားသည်။ သူခိုးဓါးပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်းလက်မှတ်နှင့် ဆုတော်ငွေများရခဲ့ဖူးသည်။ နှစ်လုံးပူးသေနပ်ကိုင်ရသည်။ ဆယ်ခိုင်သူကြီး ခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းမှတဆင့် သူ့ဆီရောက်ရသည်။ ကြီးသောအမှုဆိုလျှင် ရုံးဂတ်ပို့၍ ငယ်သောအမှုဆိုလျှင် သူပင်စီရင်ချက်ချလိုက်သည်။ တညချုပ်နှောင်ခွင့်နှင့် ၅ကျပ်အထိ ဒဏ်ငွေတပ်နိုင်သော အာဏာရှိသည်။

လူကောင်ကြီးမားလှ၍ ဥပဓိရုပ်လည်း ကောင်းလှသည်။ အင်အားဗလလည်း ပြည့်စုံလှသည်။ နွားထီးတကောင်ကို လက်ပြင်ရိုး လက်သီးနှင့်ထိုး၍ လှဲနိုင်သည်ဟု ပြောကြပါသည်။ သူ့အိမ်နှင့်ကျနော်တို့အိမ်မSာ မျက်စောင်းထိုး ဓါးလွယ်ခုတ် အိမ်နီးနားချင်းဖြစ်၏။ ကျနော် အမှတ်သညာ ထားတတ်သောအရွယ်မှ သူ့အသက်သည် ၅၀မျှဟု ခန့်မှန်းမိပါသည်။ ဆွေမျိုးမတော်သော်လည်း သူ့ကို ကျနော် "ဘိုး" ဟု ခေါ်ပါသည်။

ဘိုးသည် ကျနော့်ကို ငယ်စဉ်က ချီပိုးလာခဲ့သူဖြစ်ပါသည်။ ဘိုးသည် အသားဖြူရာဝယ် သူ့တကိုယ်လုံး ဆေးနီဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ကျနော်ယူဆခဲ့ပါ၏။ ကျနော့်အဖေ ကိုယ်မှာလည်း ဆေးရုပ်ရှိ၏။ သို့သော် သူ့လောက်မများ၊ ထို့အပြင် အနက်ရုပ်သာရှိ၍ အနီရုပ်မရှိ။ ဘိုး၏ ကျောပြင်ကိုကား ကျနော်က အရုပ်ကားဟု ခေါ်ပါသည်။

"ဘိုး" ရယ်. ဝမ်းလျားမှောက်စမ်းပါဦး၊ ကျနော် အရုပ်တွေကြည့်ချင်လို့ပါ.. ဟု ပြောခဲ့သည်။

"ငါ့မြေးလည်း ကြီးရင် ထိုးကွင်းထိုးရမယ်ကွယ့်" .. ဟု ပြောသည်။

သို့သော် ကျနော်တို့ အချိန်ရောက်သောအခါ ကာလ၌ ထိုးကွင်းခေတ်ကုန်၍ အလွန်ကံကောင်းသည်ဟု ဆိုရမည်။

ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံးရိတ်ထားသူ ဖြစ်လေရာ၊ ငယ်ထိပ်မှစ၍ ခြေဖမိုးအထိ ကျောကုန်း၊ လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်မကျန် ဆေးတွေအပြည့်ရှိ၏။ ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျနော်မပြောတတ်ချေ၊ သို့သော ခံနိုင်ရည်ရှိသော ယေင်္ကျားကောင်းတယောက် ဖြစ်ကြောင်းကတော့ ထင်ရှားသည်။

ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး၊ စာပေပညာကိုလည်း တတ်ကျွမ်းသူဖြစ်၏။ ဘိုးသည် ဘိတ်သိက်ဆရာဖြစ်၏။ ဘုရားကိုးဆူ ဆရာဖြစ်၏။ စာဟောဆရာဖြစ်၏။ ရတု သြဘာစာရေးဆရာဖြစ်၏။ ဘိုးသည် နေ့စဉ် နံနက်တိုင်း ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်တွင် ထ၍၊ ဘုရားရှိခိုးပြီး စာရွတ်၏။ သူရွတ်ဖတ်သည်ကို ဘေးသုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမှနားမလည်နိုင်ပေ၊ သူ့အသံ ဟနံနံ..ဟနံနံ ဟူ၍သာ ကြားနေရ၏။

ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင်လည်းသူ၊ မင်္ဂလာဆောင်၌ ဘိတ်သိတ်သွန်းရာတွင်လည်းသူ၊ ရှင်ပြုပဉ္စင်ခံတို့၌၊ သြဘာစာများရေးသား၊ ဖတ်ကြားရာ၌လည်းသူ၊ ရပ်သူရွာသားတို့အပျင်းလည်းပြေ၊ ပညာဗဟုသုတလည်း ရအောင်ဇတ်၊ နိပါတ်တော်တို့ကို သံနေသံထားနှင့် ပြောရာတွင်လည်းသူ၊ သူ..သူ..သူ။ ထိုသူသည် အသက်၅၀ကျော်၌ ကံချော်၍ အကြံတော်တလွဲကို လိုက်မှားမိချေသည်။

မချောဖြူ..။

သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်။ ချောသည်။ လူလည်းလှသည်။ ချောသည်၊ လှသည်နှင့်အမျှ ကမြင်းကြောထ၍ လင်ငယ်နေတတ်သူ။

သူ၏ ပထမဆုံး ယောင်္ကျားသည် သူမျောက်မထားကာ ပက်ပင်းမိ၍ သူ့အား လယ်ကွင်းထဲခေါ်သွားက ဓါးနှင့်ခုတ်သတ်ပြီး၊ သူ့ကိုယ်သူတော့ မီးရထားအနင်းခံ၍ ပွဲချင်းပြီးစီရင်ပစ်လိုက်သည်။ သို့သော် မကောင်းမှုပြုရန် အကုသိုလ်ကံကျန်နေသေးသော မဟဝှာကားမသေ၊ လည်ပင်းဓါးဒဏ်ရာတွေနှင့် မေ့မြောနေရာမှ သတိပြန်ရလာခဲ့သည်။

ဘိုးနှင့် အချင်းဖြစ်ပွားရန်အချိန်မှာ ထိုမိန်းမသည် အသက်၃၀ခန့်၊ လည်ပင်းမှာဓါးဒဏ်ရာ နှစ်ချက်ရှိသည်။ အသားရောင် ဖြူဖြူဝင်းဝင်းနှင့် ပြည့်ပြည့်တင်းတင်း။ ထိုအချိန် သူ၏ ဒုတိယလော၊ တတိယလော မပြောနိုင်သော လင်ယောင်္ကျားမှာ ဘိန်းစား ဘိုးဆိုင်။

ကျနော် သတိပြုမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှည ခံတောင်းရွက်၍ ငြုပ်၊ ကြက်သွန်၊ ဆီ၊ ဆား၊ စသော ကုန်စုံရောင်းသည်။ ဘိုးသည် ထိုကုန်စုံဝယ်ရင်းမှ စတင်သည်။

ကျနော်သည် အမှတ်သညာ ထားတတ်သော အရွယ်မှစ၍ ဘိုးအိမ်မှာ အနေအစားများသည်။ ဘိုးတို့ဂေါ်ပုံတရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။ မနက်တိုင်း မချောဖြူ မုံဟင်းခါးလာတိုင်း .. "ဟေ့.. မင်းဒီနေ့ မုန့်ဟင်းခါးစားဦးမလား.." မေးသည်။ ကျနော်ကတော့ ၁၀နှစ်သားအရွယ်၊ အမြဲတမ်းခေါင်းငြိမ့်သည်။ ဘိုး၏ အိမ်သားများက နှာခေါင်းရှုံ့ကြပြီ၊ ရိပ်မိနေကြပြီ၊ ထိုအခါ ဘိုးမှာ ဇနီးအမယ်ကြီးနှင့်သမီး၊ သမက်တို့ရှိသည်။

ယင်းသို့လျှင် မချောဖြူသည် ကုန်စုံရောင်းရင်း၊ မုန့်ဟင်းခါးရောင်းရင်း ဘိုးအိမ် နေ့တိုင်းလိုလို ဝင်ထွက်နေရာမှ လေးငါးလမျှ ကြာသော် မချောဖြူယောင်္ကျား ဘိန်းစားကိုဖိုးဆိုင်မှာ အိတ်ထဲတွင် ဘိန်းငါးကျပ်သားခန့်နှင့် လက်ပူးလက်ကြပ် ဘိုးက ဖမ်းမိလေ၍ ခမြာ ထောင်ကျသွားရှာလေသည်။ ဒါ ဘိုးက သူ့နောက်လိုက် မတရားသက်သေများနှင့် သက်သက် အမှုဆင်တာဖြစ်ကြောင်းကို တရွာလုံးက သိကြ၍ တဖျစ်တောက်တောက် နေကြ၏။ အရပ်ထဲက လူကြီးများသည် ဘိုးကို ဝိုင်းကျဉ်စ ပြုလာ၏။ သည့်နောက် မကြာမီတွင် အမယ်ကြီးသည် သမီးနှင့်သမက်ကို ခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။

ဘိုးကိုကား မည်သူမျှ တားမရတော့ပြီ။ နောက်ဆုံးတနေ့၌ကား မချောဖြူ ဘိုး၏အိမ်ပေါ်သို့ ရောက်လာလေသတည်း။

ဘိုး၏ရလာဒ်ကား ကျဆုံးခြင်းပေတည်း။

မချောဖြူ ဘိုးအိမ်ပေါ်ရောက်ပြီး၊ ဒုတိယမြောက်နေ့ နံနက်တွင် အသက်၆၀မျှရှိမည်ဖြစ်သော အမယ်ကြီးတယောက် ဆောင်ဓါးရှည်ကြီးတလက်ကို ကိုင်ကာ၊ ဘိုး၏အိမ်ဝင်းထဲ ရောက်နေလျှက် ဓါးတလက်နှင့် ဆဲရေးကြိမ်းမောင်းနေပေတော့သည်။

"ဟဲ့ အောင်ဒွန်း၊ နင်ဗလကောင်းလှတယ်၊ သတ္တိကောင်းလှတယ်ဆို၊ ကြိုက်တဲ့လက်နက်ကိုင်ပြီး တံခါးဖွင့်ဆင်းခဲ့စမ်း"

"ချလွမ်"

အိမ်ရှေ့တံခါးကို သူ့ဓါးနှင့်ပစ်လိုက်သည်။ ထို့နောက်ပြန်ကောက်ကာ

"ဟဲ့..အောင်ဒွန်း၊ ငါလိုအမယ်ကြီးအိုနဲ့မှ ရင်မဆိုင်ဝံ့တော့ဘူးလား၊ နင့်မှာနှစ်လုံးပူးသေနပ်ရှိတယ်မဟုတ်လား၊ ဒီမှာပစ်လိုက်စမ်းဟေ့.."

ရင်ကော့ပြပြီး သူ့ဓါးတဖန်ပစ်လိုက်သည်။ ဒီအမယ်ကြီးက မနက်အစောကြီး ကျနော်အိပ်ယာက မနိုးမီပင် လာရောက်ဆူပူနေခြင်းဖြစ်သည်။ ကျနော်သည် အိပ်ယာမှ ထကာ ပြူတင်းပေါက်မှ အံ့သြစွာဖြင့် လှမ်းကြည့်၍နေသည်။

"ဟဲ့ အောင်ဒွန်း၊ မယားခိုးရဲ့၊ လူ့တိရိစ္ဆာန်ရဲ့၊ နင် ..ငါ့သမက်အိတ်ထဲ အတင်းဘိန်းထည့်ပြီး၊ နင့်နောက်တော်ပါ သက်သေတေလိမ်တွေနဲ့၊ ထောင်ချတယ်ဆိုတာ လူတိုင်းသိကြတယ်ဟဲ့"

"ချလွမ်"

"ဟို မျောက်မရော ဆင်းခဲ့၊ နင့်ပါ နုတ်နုတ်စင်းပစ်မဟဲ့၊ နင့်အတွက် ငါတခါက၊ နှစ်ခါရှက်၊ သုံးခါရှက်၊ တသက်လုံးရှက်နေရမှာလားဟဲ့..၊ နင်တို့သတ်ပြီး၊ ငါပါသေပစ်လိုက်မဟဲ့.."

ကျွန်တော်က အသက်၁၀နှစ်မျှသာရှိသေးသည်။ အဖေအနား ချဉ်းကပ်ကာ

"အဖေရယ်.. ဘိုးက ဒီအမယ်ကြီး၊ ပိန်ပိန်ကလေးများ ဘာလို့ကြောက်နေသလဲ၊ အောက်ဆင်းပြီး ဖမ်းလိုက်ရောပေါ့။ ဘိုးက သူကြီးပဲဟာ"

"အေး  ဘာကြီးပဲဖြစ်နေနေ ကိုယ်အမှားလုပ်မိတဲ့အခါ မှန်သူကို ရင်မဆိုင်ဝံ့တော့ဘူး၊ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ"

"ကျွန်တော် နားမလည်ပါဘူးအဖေရာ"

"အေး.. ငါ့သားကြီးလာရင် နားလည်ပါလိမ့်မယ်"

ထိုအချိန်တွင် ကျနော်သည် ဘိုးကို သနားနေတော့သည်။ ဘိုးဘက်မှလည်း ဘယ်သူမှ ကူညီမဲ့သူလဲမရှိပါလား။ ဒီအမယ်ကြီးကို လာတား၊ လာဆွဲ ဘယ်သူမှမလုပ်ကြ၊  စင်စစ်တော့ သူကြီးဦးသာဒွန်း၏ မတရားပြုမှုကို တရွာလုံးက မုန်းတီးရွံ့ရှာနေခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် အမယ်ကြီးဘက်ကပင် ဝင်အကူအညီ ပေးကြဦးမည်။ အမယ်ကြီးကလဲ အံ့ဖွယ် ဇွဲသတ္တိကြီလှပါဘိ၊ နောက်နေ့ ဝေလီဝေလင်းတွင် ပထမနေ့ကအတိုင်း ရောက်လာပြီး ၊ ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်။

အမယ်ကြီး မနက်တိုင်း လာလုပ်သည်။

ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့်မချောဖြူတို့သည် ပစ္စည်းဥစ္စာများကို လှည်းတစီးနှင့်တင်၍ ရွာမှ ထွက်ခွာသွားကြလေတော့သည်။ ထိုအချိန်တွင်လည်း သူ့အား မည်သူမျှ လာ၍ မနှုတ်ဆက်ကြချေ။

ရွာတွင် သူကြီးမရှိတော့ကြောင်းကို ကြားသိရသောအခါ ဆယ်အိမ်ခေါင်းတွေ ခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်းပြီး၊ ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ၊ နောက်ထပ် သူကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲ လုပ်လိုက်လေသည်။

ဦးအောင်ဒွန်း ဂုဏ်သိက္ခာ၊ အဖတ်ဆယ်မရလောက်အောင် ကျဆင်းလေ၍ ရွာသို့ပြန်ပြီး မချဉ်းကပ်ရဲတော့ပေါ။ သူ့အိမ်ကို သူ့အမယ်ကြီးနှင့် သမီးသမက်တို့ ပြန်၍နေကြသည်။

ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်ရော၊ လူရော၊ ပင်ပမ်းဆင်းရဲလှစွာဖြ့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။

သော်တာဆွေ

လမ်းပြကြယ်(စင်ကာပူ) စာကြည့်တိုက် နှစ်လည်စာစောင် (၂၀၁၂)မှတဆင့် ရရှိသည်။

ကျမ်းချက်။ သုတ္တံ ၅

အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သောမယားနှင့် အတူပျော်မွှေ့လော့၊ သူသည်စုံမက်တတ်သောသမင်မ၊ နှစ်လိုဘွယ်သောဒရယ်မကဲ့သို့ ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကိုအစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့်အစဉ်ယစ်မူလျက်နေလော့...။