မေတ္တာဆုံးရှုံးသွားသူ မြန်မာများအကြောင်း (Love of God, need)

ဒီအကြောင်းတွေ မရေးချင်၊ မပြောချင်ပါ...။

စင်ကာပူမှာ မြန်မာမိန်းကလေးတစ်ဦး တိုက်ပေါ်က ခုန်ချသေသွားတဲ့သတင်း Oct-2011 မှာ စင်ကာပူသတင်းစာ၊ မြန်မာပြည်ဂျာနယ်တွေမှာ ပါလာတယ်။ အတိက်ကအကြောင်းတွေ ပြန်သတိရမိပါတယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရသလဲ။ သေချာတာကတော့ ရူးသွတ်တဲ့ စိတ်ဖေါက်သွားလို့ပါပါ။ အခြေခံအကြောင်းတွေကြည့်ရင် မေတ္တာဆုံးရှုံးသွားလို့ပဲ။  မိမိချစ်မြတ်နိုးရသူ၊ မိမိအားကိုးရသူ ချစ်သူ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ညီအစ်ကို၊မိဘများ သေဆုံးသွားရင် မြင့်မိုလ်တောင်ပြိုလဲသလိုဖြစ်သွားတယ်။ အသက်ရှင်ရတာ ဘာမှမျှော်လင့်ချက်မရှိတော့ဘူး ခံစားရချိန်မှာ မိမိခံစားချက်ကို နားလည်၊ နားထောင်၊ ဖြေရှင်းပေးနိုင်မဲ့သူလဲ မရှိတော့ .. ဒီတော့ ရူးသွတ်သွားတာပေါ့။

မျှော်လင့်ချက်ကတော့ လူတိုင်းရှိပါတယ်။ ငယ်ရွယ်သူများက ဆရာဝန်၊ အင်ဂျင်နီယာ၊ အနည်းဆုံး ဘွဲလေးတခု၊ သို့မဟုတ် ၀င်ငွေကောင်းတဲ့အလုပ်တခု၊ မြန်မာပြည်က ပေါ်ပင်၊ အကွက်ချောင်းနေသူများအတွက် စားကွက်ကြီးကြီးတခုရဖို့၊  ထီပေါက်သလို၊ ငွေတွေအများကြီးရဖို့ ... မျှော်လင့်နေကြပါတယ်။ အသက်ကြီးသူများကတော့ ဘုရား၊တရားနဲ့ ဖြေကြတယ်။ အချိန်က နှောင်းနေပြီးကိုး။

တချို့အသက်ကြီးသူ မြန်မာများ သူတို့ကိုယ်ကို သူတို့ ဦးတေဇ၊ ဦးဇော်ဇော်တို့လို ဖြစ်ချင်နေတုန်းပဲ။ တစ်ချို့ နိုင်ငံရေးစိတ်ဝင်စားသူများလည်း သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကို လိုက်ယှဉ်ကြတယ်။ ငါလဲလူပဲ၊ သူတို့လဲ လူပဲ၊ သူတို့တောင်ဖြစ်သေးတာ ငါက ဘာလို့မဖြစ်ရမှာလဲ ..စိတ်ထဲအားတင်းထားတယ်။ တချို့ ပိုပြီးရူးသွတ်သူ မြန်မာလူကြီးများကတော့ သူ့မိတ်ဆွေများကို ပါးစပ်ကထုတ်ဖေါ်ပြောတယ်။ စာရေးဆရာများကတော့ အင်တာနက်လောကဖြစ်လို့ သူတို့ ဘလောက်တွေထဲ၊ ၀က်ဆိုက်၊ မဂ္ဂဇင်းတွေထဲ ထည့်ရေးတယ်။ တက်လာတဲ့အစိုးရ ကောင်းတာလုပ်အောင်ဆိုပြီး နိုင်ငံပြည်သူများဘက်က ရပ်တည်ရေးသားသူများရှိသလို၊ ငါမလုပ်ရရင် ပတ်မကြီးဖေါက်မှာပဲဆိုပြီး ဒေါ်စု၊ ဦးသိန်းစိန်တို့ကို ကန့်ကွက်တယ် အော်နေသူများလည်း ရှိပါတယ်။ ဒါ သူတို့အခွင့်အရေးပဲ။ ပြောခွင့်၊ရေးခွင့်ရှိပါတယ်။

ဆေးပညာနဲ့လူမှုရေးစာတမ်းများအရ အသက်၄၀ကျော်ရင် မိမိကိုယ်ကို သတ်သေလောက်အောင် မရူးသွတ်တော့ဘူးဆိုပဲ။ သူငယ်များပဲ သတ်သေကြတယ်။ လူငယ်များပဲ စစ်တိုက်ရဲလို့ အသက်၂၅နှစ်ကျော်ရင် စစ်သားသစ်မခေါ်တော့ဘူ။ ရယ်စရာပုံပြင်တခု အသက်၄၀ကျော် မြန်မာပြည်စစ်သားစုဆောင်းရေးမှာ စစ်သားလုပ်မယ်ဆိုပြီးသွားလျှောက်တော့ အသက်ကြီးလို့ လက်မခံဘူး။ ဒီလူကြီးက အရှက်ပြေ အော်ပြောခဲ့တာကတော့  "ငါက စစ်သားနေရာလာလျှောက်တာမဟုတ်ဘူး၊ ဗိုလ်ချုပ်နေရာလာလျှောက်တာ..ကွ" .. ဆိုပဲ။ လူကြီးတွေက ဒီလိုပါပဲ။ တချို့လဲ မြန်မာပြည်က အဖြစ်အပျက်ကြီးတခု ဥပမာ သံယာ့သပိတ်ကြီး ဖြစ်လာတာ ငါနောက်ကွယ်က ဒီလိုလုပ်လိုက်လို့ကွ နဲ့ ပြောပြီး ကျေနပ်နေသူများလည်း ရှိပါတယ်။ အဆုံးပြောရရင် လူဆိုတာ အားလုံးအရူးတွေချည်းပါပဲ။ ကိုယ်ဇနီး၊သားသမီးများနဲ့ ပြသနာကြီးများကြုံရင် ခပ်ပေါပေါ၊ ရူနှမ်းသလို လုပ်ပစ်လိုက်ရင်း ပြသနာကို ပိုကြီးမလာအောင် လုပ်ရတာမျိုးလဲရှိပါတယ်။ 

မြန်မာပြည်မှာလည်း အာဏာရှင်စနစ်လိုဖြစ်လာလို့ ၀န်ကြီးချုပ်ဦးနုက ၁၀နှစ် ၀န်ကြီးချုပ်လုပ်ပြီးချိန် အေးအေးဆေးဆေး စာပဲရေးတော့မယ်။ ၀န်ကြီးချုပ်ကိုတော့ သူ့လူ ဦးတင်ကို လုပ်ခိုင်းတယ်။ ဦးကျော်ငြိမ်းက အာဏာထက်ပြီး၊ စစ်တပ်နဲ့မတည့်တော့ သူ့ကို ဖ.ဆ.ဖ.လ ပါတီဥက္ကဌလုပ်ခိုင်းတယ်။ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းက လက်ခံပေမဲ့ ကိုကြီးနုပြောတာလက်ခံပါတယ် လို့ပြောခဲ့တယ်။ ဦးနုလည်း တရားဝင်စာထွက်ပြီး သူ့မြို့ကို ပြန်၊ အေးအေးပဲနေတယ်။ အာဏာလွဲမှု အဆင်ချောပြီ ထင်တုန်း .. ဦးနုဆီသတင်းတွေရောက်လာတယ်။ ဦးကျော်ငြိမ်းက ဦးနုလုပ်ထားတာတွေကို ပြင်ဆင်ဖို့လုပ်နေပြီ ..ဆိုတော့ ဦးနုက ငါဝန်ကြီးချုပ်ပြန်လုပ်တယ်ကွာ ..ဆိုပြီး ရန်ကုန်ပြန်လာတယ်။ ဒီတော့ ဦးကျော်ငြိမ်းက အစ်ကိုကြီးနုက လုပ်ဆိုလို့ ကျွန်တော်တို့လုပ်ရတာပဲ။ ၀န်ကြီးချုပ်ပြန်လုပ်မယ်ဆိုလဲ .. ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး..လို့ အစည်းအဝေးမှာ မျက်ရည်ရွှဲပြီး ပြောခဲ့တယ်လို့ ဦးနုရဲ့ တာတေစနေသား စာအုပ်မှာ ဖတ်ဖူးပါတယ်။ ၀န်ကြီးချုပ်ဦးနုလည်း အာဏာရှင်လုပ်ခဲ့တာပါပဲ။ ဦးနုက အဲဒီတုန်းက ကျွန်တော်ခပ်တည်တည်နဲ့ မနေပဲ ဦးကျော်ငြိမ်းကို ခါတိုင်းလုပ်သလိုပဲ ..ခပ်ပေါပေါပဲ .. ရယ်စရာလုပ်ပစ်လိုက်ရင် ဖ.ဆ.ဖ.လ ၂ခြမ်းကွဲပြီး၊ ဦးနေ၀င်းအာဏာသိမ်းမှုမျိုး ဖြစ်လာချင်မှ ဖြစ်မယ် ..လို့ ရေးသားထားပါတယ်။ ဒါကြောင့် ပြသနာကြီးလာရင် ခပ်တည်တည်နဲ့အနိုင်ပိုင်းပစ်တာမျိုးထက် ရူးပေါပေါနဲ့အနိုင်ပိုင်းတာမျိုးက တခါတလေ ရှုံးနိုမ့်သူကို ဖြေသာပါတယ်။

မိမိကိုယ်ကို သတ်သေသူ လူငယ်များအကြောင်း ပြန်ဆက်ပါမယ်။ ကျွန်တော့် ဘ၀မှာ ငယ်စဉ်က ဘယ်တော့မှ ဆေးရုံကို ပက်လက်နဲ့မနေစေရဘူး လို့ ကြုံးဝါးပြောဆိုခဲ့ဖူးပါတယ်။ သူများကို လုံးဝဒုက္ခမပေးဘူး။ ပက်လက်နေပြီး သူများကို မှီခို၊ ငွေကုန်ရမဲ့ ဘ၀ရောက်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်..လို့လဲ ခံယူခဲ့ပါတယ်။ အသက်တွေ ၄၀ကျော်လာချိန်လည်း ဒီစိတ်ထားက မပြောင်းသေးပါဘူး။ ကိုယ်တိုင် သေမတတ် ဆေးရုံမှာပက်လက် ခံပြီးတဲ့နောက်ပိုင်းမှ စိတ်နေစိတ်ထားပြောင်းသွားပါတယ်။ ဒါမှမပြောင်းလဲသေးရင် လူငရဲနဲ့တမလွန်ငရဲ ၂ခုက ကျွန်တော့ကို စောင့်ကြိုနေမှာ သေချာပါတယ်။ အဲဒီတုန်းက သားသမိးမကောင်းရင် အမွေပြက်ပဲ။ ခြေမမကောင်းရင် ခြေမကို ဖြတ်ပစ်ရမယ် ..ဆိုတဲ့ စိတ်ဓါတ်နဲ့ မိသားစု၊ အလုပ်အကိုင်မှာ ကျင့်သုံးခဲ့တဲ့အတွက် ဘ၀အောင်မြင်မှု ရသင့်သလောက် မရခဲ့ပါ။ နောက်ဆုံး မိမိကိုယ်တိုင် ပက်လက်နဲ့ ဘာမှမလုပ်နိုင်ပဲ ဆေးရုံကိုရောက်ခဲ့ပါတယ်။ အရမ်းနောင်တရခဲ့ပါတယ်။ ဆေးရုံမရောက်ခင် မြန်မာဆေးခန်းတခုက မြန်မာဆရာဝန်တစ်ဦးထံ အရင်ပြကြည့်ခဲ့ပါတယ်။ မိမိကျန်းမာချိန်မှာတော့ မြန်မာစကားနဲ့ ကိုယ့်ကျန်းမာရေးအတွက် မြန်မာဆရာဝန်ဆီ ဈေးကြီးကြီးပေးပြီး သွားပြသူများကို အားပျော့သူများလို့ ဝေဖန်ခဲ့ပါတယ်။ စင်ကာပူမှာ ဈေးချိုတဲ့ ပေါ်လီကလင်းနစ် (သို့မဟုတ်) အင်္ဂလိပ်စကားပြောဆေးခန်း များစွာရှိတာပဲ  ..လို့ ဝေဖန်ခဲ့ပါတယ်။ တကယ် မိမိကိုယ်တိုင် အကြီးကျယ်နာမကျန်းဖြစ်တဲ့အခါ စင်ကာပူက ဆရာဝန်များ၊ အထူးကုများ၊ အစိုးရဆေးရုံကြီးများကို အားကိုးပြီး ငွေကုန်ခံ ပြသခဲ့ပါတယ်။ မသက်သာတော့ မြန်မာဆရာဝန်ဆီပဲ ပြေးရတယ်။ 

ဟုတ်ပါတယ်။ မြန်မာလို ကိုယ့်ပြသနာ၊ကျန်းမာရေးကို ဆရာဝန်ဆီ မြန်မာစကားနဲ့ပဲ ပြောပြရတော့ စိတ်သက်သာရပါတယ်။

အဲဒီ မြန်မာဆရာဝန် ကျွန်တော့ကို အားဆေးများသွင်းပါတယ်။ အခြားတဖက် ၂ခန်းမှာလည်း ပိုလီကျောင်းသူ၂ယောက် စာမေးပွဲဖြေဖို့ အားနည်းတာနဲ့ အားဆေးသွင်းနေရတယ်လို့ ပြောပါတယ်။ ကျွန်တော် နောက်နေ့ ဒီ မြန်မာဆရာဝန်ဆီပြန်လာပြတော့ အလှုငွေကောက်ပါတယ်။ မနေ့က အားဆေးလာသွင်းတဲ့ ပိုလီကျောင်းသူလေးတစ်ယောက် အိမ်ပြန်သွားပြီး တိုက်ပေါ်က ခုန်ချသေသွားပြီး၊ ဆူဆိုက်ဆိုတော့ အင်ရှုရင့်အသက်အာမခံမရဘူး။ သူ့အတွက် အလှုခံနေတာ ဆိုလို့ အလှုငွေထည့်လိုက်ရတယ်။  

မိတ်ဆွေတဥိး၊ လူငယ်တယောက်ကပြောတယ်။ စင်ကာပူမှာ ပေါ်လီဒီပလိုမာကို အထင်ကြီးပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်က တ၀က်တပျက်ထွက်လာတယ်။ ပေါ်လီကျောင်းပြီးအလုပ်လုပ်မှပဲ အဆင့်ပိုမြင့်ဖို့ ဒီဂရီတက်ရမယ်ဆုံးဖြတ်တယ်။ သြစတြေးလျှားမှာ ကျောင်းလျှောက်တော့ အိုကေတယ်။ ရန်ကုန်က ဖခင်ဖြစ်သူကလဲ အားပေးတယ်။ ရုတ်ရက် ဖခင်ရန်ကုန်မှ ဆုံးသွားတော့ အားကိုးရမဲ့ မြင့်မိုလ်တောင်ကြီး ပြိုသွားရှာတယ်။ ဒီကောင်က အခန်းဖေါ်တွေကို ဒါး စားပွဲပေါ်စိုက်ထားရင်း ဘုတောနေတယ်။ အခန်းဖေါ်တွေ မနေရဲလို့ အပြင်ထွက်နေရတယ် ..ဆိုတာကြားရတယ်။ စိတ်ညစ်ပြီး သေချင်တယ်ဆိုပဲ။  ခရစ်ယန်ဓမ္မဆရာတစ်ယောက်ကို အကူညီတောင်းလို့ ခရစ်ယန်မဟုတ်သော်လည်း မေတ္တာလိုအပ်တာဖြစ်မယ်ဆိုပြီး သွားစကားပြောတယ်။ လက်ခံပြောဆိုပြီး တနာရီကြာတဲ့အချိန် အပြန်အလှန်ပြောလို့ ရင်းနှီးလာတယ်။ နောက် လူငယ်ကပြောတယ်။ ဆရာ .. ကျွန်တော့ ဆရာကို ဖက်ထားချင်တယ်။ ဒါမှ ကျွန်တော့်စိတ်တွေ ပိုပြီးငြိမ်းချမ်းမယ်လို့ထင်ပါတယ် ..ဆိုတော့ ဆရာက ..ရပါတယ်ပြောပြီး ဆရာကို ဖက်ထားတယ်။ ဆရာလည်း အလိုက်သင့် ကိုယ့်သားလိုသဘောထားပြီး ပြန်ဖက်ပေးထားတာပေါ့။ ၅မိန်ကြာတဲ့အချိန် လူငယ်က ဆရာ ကျွန်တော်မရတော့ဘူး.. ကိုင်တော့မယ်နော် ဆိုပြီး သူ့လက်က ဆရာပေါင်ပေါ်ရောက်လာလို့ ခရစ်ယန်ဆရာလဲ အမြန်ပြန်ပြေးလာရတယ်။ နောက်မကြာပါဘူး။ ဒီလူငယ်လဲ တိုက်ပေါ်က ခုန်ချသေသွားရှာပါတယ်။

ရုံးမှာလည်း သူငယ်ချင်းကိုအောင်က ဖုန်းဆက်ပြီး သူငယ်ချင်းရဲ့သားဖြစ်သူ ၁၉နှစ်အရွယ်တစ်ဦး တိုက်ပေါ်က ခုန်ချသေသွားတယ်ပြောပြတယ်။ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း မြိုပြအင်ဂျင်နီယာတဦးရဲ့သားပါ။ မိဘကလည်း စင်ကာပူမှာ အလုပ်ထဲမှာပဲအချိန်ကုန်၊ သားက  ကိုယ့်တူ၊သားသမီးများကို အချိန်မပေးနိုင်၊ သင်္ကြန်အကတိုက်နေတဲ့ သူ့ရီးစား မြန်မာမိန်းကလေးကို နင့်ကိုခဏစကားပြောဖို့ခေါ်တာ၊ မထွက်ရင် တိုက်ပေါ်က ခုန်ချလိုက်မယ် ပြောတာ ..မိန်းကလေးက ငါအကတိုက်တာအရေးကြီးတယ်။ ပြီးမှပြောကြတာပဲ။ မစေါင့်နိုင်ရင်လဲ ခုန်ချချင်ခုန်ချပေါ့ ..ပြောလိုက်တာ အားလုံးရှေ့မှာ တကယ်ပဲခုန်ချသေသွားပါတယ်။ ဒီသတင်းကြားတာနဲ့ ကျွန်တော့သား ၁၉နှစ်သား ပိုလီစာမေးပွဲဝင်ခွင့်မရသူ၊ ရီးစားနဲ့ပြသနာဖြစ်နေသူ၊ ငွေရှိမှဘ၀အဆင်ပြေမယ်ထင်သူကို ချက်ချင်းသတိရတယ်။ ဖုန်းလှမ်းဆက်တော့ သားဖြစ်သူက ဖုန်းကိုင်တယ်။ တော်သေးတာပေါ့..ငါ့သားအသက်ရှင်သေးတယ် ..ဆိုပြီး အလုံးကြီးကျသွားခဲ့ပါတယ်။ ကိုယ့်ကိစ္စပဲ သတိရ၊ ..ဒီလိုပါပဲ..။

သေကြောင်းကြံတာတောင် လူတွေက အမှတ်တရဖြစ်ကျန်ရစ်စေချင်တယ်။ ဆန်ဖရန်စစ္စကို ဂိုးဒင်းဂိတ်တံတားကြီးပေါ်က ခုန်ချသေသူ နှစ်စဉ်အများကြီးဆိုပဲ။ ဂျပန်မှာတော့ အမြန်ရထားရှေ့ခုန်ချသေကြတယ်။ စင်ကာပူကတော့ တိုက်အမြင့်ကြီးပေါ်က ခုန်ချသေကြတယ်။ အခု ဂျပန်လို လူဦးရေတအားကျပ်လာတော့ ရထားလာတုန်း အကြိတ်ခံခုန်ချသေသူများ ပေါ်လာလို့ စင်ကာပူရထားဘူတာတွေမှာ နံရံကာထားတယ်။ ခုန်ချချင်ရင် နံရံပေါ်အရင်တက်ပြီမှ ခုန်ချရမှာဆိုတော့ နဲနဲခက်သွားတာပေါ့။ ရိုးရာနည်းလမ်းကတော့ အိပ်ဆေး၊ အဆိပ်သောက်သေခြင်းပါပဲ။  

မိမိကိုယ်ကို သတ်သေခြင်းဟာ အလွန်ဆိုးဝါးတဲ့ ရာဇ၀တ်မှုကြီးဖြစ်သလို၊ အသက်အာမခံလဲမရပါဘူ။ ဘာသာတရားအားဖြင့်လဲ ဗုဒ္ဓဘာသာဆို အပယ်ငရဲကို ဘ၀အဆက်ဆက် မလွတ်နိုင်သလို၊ ခရစ်ယန်များမှာလည်း ငရဲကျမဲ့လူလို့ သတ်မှတ်ထားပါတယ်။ ဘာသာတရားတွေမှာ ဘုရားအတွက် အသေခံခြင်းဆိုတာ ရှိပေမဲ့ ၊ ဘုရားအတွက် သူများကို လိုက်သတ်ခြင်းဟာ ကြပ်တည်းစွာတာမြစ်ထားပါတယ်။ သို့သော် လူဗီဇအရ မွေးကတည်းက အတိုက်အခိုက်ဝါသနာပါသူလူသားများကတော့ ဘာသာရေးခုတုန်းလုပ်ပြီး တိုက်ခိုက်နေဦးမှာ ခန္တာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ပါ။

အလွန်ဘုရားတရားနဲ့နေထိုင်တဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ သူယောက္ခမကြီးက အမေရိကားကပြန်လာပြီး၊ စင်ကာပူမှာ သူ့မိသားစုအပေါ်အရမ်းစိတ်နာနေချိန်မှာ သားမတ်၊သမီးများက လိုလေသေးမရှိ စင်ကာပူမှာ စောင့်လျှောက်ပါတယ်။ စိတ်ရူးပေါက်လာချိန်မှာ အသက်၇၀ကျော်အရွယ်က တိုက်ပေါ်က ခုန်ချသေသွားလို့ စိတ်ကောင်းရှိတဲ့ မိဆွေ (အဖွားကြီးရဲ့သာမက်) က ဗုဒ္ဓဘာသာဝင်တစ်ဦးအတိုင်း ကိုယ်ဘယ်လောက် ကောင်းတာလုပ်ပေမဲ့ -၀တ်ကြွေးရှိတော့ သူ့အိမ်မှ ဒါမျိုးလာဖြစ်ရတယ်.. စိတ်မကောင်းကြီးစွာ ရင်ဖွင့်ပါတယ်။ 

နောက်ဆုံးတော့ အသက်၄၀ကျော်လာချိန်မှာ ကျွန်တော်လည်း ဘုရားကိုပဲ အားကိုးလာပါတယ်။ ခရစ်ယန်တစ်ဦးဖြစ်တော့ ပုံသက်သေကောင်းကောင်းပြဖို့ကို ဦးစားပေးပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို သူများကို နားမချချင်ပါဘူး။ အရေးကြိးဆုံးကတော့ မေတ္တာတရားပါပဲ။ ဘာသာတိုင်း၊ လူသားတိုင်း မေတ္တာလိုချင်ပါတယ်။ ကိုယ်တိုင်လဲ မေတ္တာပြချင်ပါတယ်။  

မေတ္တာတရားကို ပြောရုံနဲ့ မရပါဘူး။ ကိုယ်တိုင် စတင်ပြသ၊ လက်တွေ့ကျင့်သုံးမှဖြစ်မယ်ဆိုတော့ ကိုယ့်သားသမီး၊ ဇနီးသည်နဲ့ မေတ္တာကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါတယ်။ တကယ်မလွယ်လှပါဘူး။ အထူးသဖြင့် အရင်က အိမ်ထောင်ဦးစီး၊ ငါက အဓိကငွေရှာသူပဲ ဆိုတဲ့ ငါ အာဏာရှင်စိတ်ထားကို မြန်မာစစ်အာဏာရှင်လက်အောက်က ကြီးပြင်းလာတဲ့ ကျွန်တော့ရဲ့ အားနည်းချက်ပဲ။ မိဘ၊ခင်ပွန်း။သားသမီးများကိုတောင် မေတ္တာပြဖို့ မလွယ်ပေမဲ့ တဖြေးဖြေးတော့ သာ၍မြင့်သောနေရာကို ရောက်လာမှာပါ။

ဓမ္မဆရာတစ်ဦး ဆရာစံတိုးက ပြောတယ်။ လူမှာ ဗီဇဆိုတဲ့ အတ္တစိတ်ရှိတယ်။ အဲဒီစိတ်ဟာ တခါတခါ လွတ်ထွက်လာရင် စက္ကန့်ပိုင်းအတွင်း ဆဲဆို၊ အပြစ်တင်မှု၊ ရိုက်နှက်ထိုးကြိတ်မှု၊ ကားတိုက်မှု၊ နောက်ဆုံး လူသတ်မှုတွေ ဖြစ်သွားတတ်တယ်။ ရာဇ၀တ်မှုအများစုဟာ တဒင်္ဂ ဒေါသစိတ်နဲ့ဆုံးဖြက်လုပ်ကိုင်မှုကြောင့်ဖြစ်ပါတယ်။ ဆရာစံတိုးက တရားဟောတော့ အသက်၇၀ကျော် လူကြီးက အိမ်း.. လူငယ်တွေတော့ ဒေါသစိတ်ရှိမှာပဲ၊ ငါကတော့ အသက်ကြီးပြီဆိုတော့ ဒေါသစိတ်မရှိတော့ပါဘူး.. လို့ တရားပွဲမှာ ပြောတေယ်။ ဆရာစံတိုးက အသက်ကြီးလဲ ဒေါသစိတ်ရှိပါတယ်.. ပြန်ပြောတယ်။ ဒီလိုနဲ့ ရှိတယ်၊ မရှိဘူး ၃၊ ၄ခါလောက် ငြင်းခုန်ရာက လူကြီးဒေါသနဲ့ အော်ဟစ်ပြောဆိုလာတယ်။ ဒီတော့မှ ဆရာစံတိုးက ကဲ ဦးလေး..ဒေါသဖြစ်လာပြီးမဟုတ်လား.. ရှိပါတယ်.. ဆိုနေမှပဲလို့ ပြောတော့ အဖိုးကြီးက ဒေါသနဲ့ မင်းကငါ့ကိုဒေါသထွက်အောင်လုပ်တာကိုး... လို့ပြောရင်း စိတ်လျှော့လိုက်တယ်။ ပြီးတော့ အရှက်ပြေပြောလိုက်သေးတယ် ... နောက်ဆို ငါ့ကိုဒေါသထွက်အောင်တိုင်း ဒေါသမထွက်တော့ပါဘူး.. ဆိုပဲ။

စိတ်နေစိတ်ထား ပြောင်းလဲဖို့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့၊ အတိုက်အခံခေါင်းဆောင်များ မေတ္တာစိတ်၊ မြန်မာနိုင်ငံသား စစ်မှန်တဲ့မျိုးချစ်စိတ်နဲ့ ကြိုးစား၊ ပြုပြင်ပြောင်းလဲနေပါတယ်။ သူတို့ကိုလည်း ဝေဖန်နိုင်ပါတယ်။

ဒေါသစိတ်၊ နာကျည်းစိတ်၊ မနာလိုစိတ်များ မထားဖို့ ပြောချင်ပေမဲ့၊ ဆေးလိပ်လက်ကြားကမချပဲ ..ငါ့တူ၊ ဆေးလိပ်မသောက်နဲ့၊မကောင်းဘူးကွ၊ ငါကတော့ရှိပါစေ....ဆိုပြီး မပြောချင်ပါဘူး။ ဒါကြောင့် Action Speaks Louder than Word .. အင်္ဂလိပ်ဆိုစကားအတိုင်း ကိုယ်တိုင်ပဲ အကျင့်စရိုတ်၊ စိတ်နေစိတ်ထား ပြောင်းဖို့ လုပ်ရပါတယ်။ 

ကျွန်တော့မိသားစု အိမ်ထောင်အတွင်းမှာပဲ စိတ်နေစိတ်ထား စတင်ပြုပြင်ပြောင်းလဲဖို့၊ မေတ္တာတရားကို ဘယ်လိုကျင့်သုံးရမလဲ။ 

ဇော်အောင် ၂၃-အောက်တိုဘာ-၂၀၁၁

 

***************

Answer အဖြေ...

 

ကျွန်တော်တို့ ယုံကြည်သူများအတွက် တလောကလုံး၊ မည်သူမျှမလိုချင်သော Nobody Child ဖြစ်ရသူ၊ လူလောကတွင်မနေချင်လောက်အောင် စိတ်ဓါတ်ကျဆင်းနေသူများအတွက် ဘုရားသခင်၏ မေတ္တာရှိပါသည်။ ၁၅၀၀ မေတ္တာ ယောင်္ကျားမိန်းမ မေတ္တာလည်းမဟုတ်၊ ၅၂၈ မောင်နှမချစ်ခြင်းလည်း မဟုတ်၊  အဂ္ဂပေမေတ္တာဖြစ်သည်။ မပြောင်းမလဲသော ချစ်ခြင်းမေတ္တာသည် အသက်ရှင်သောဘုရားသခင်၊ (Holy Spirit) ထံမှ ရရှိပါသည်။ တနည်းအားဖြင့် ကောင်းကင်တမန်များ (နတ်ကောင်းနတ်မြတ်များ) ထံမှတဆင့် ဘုရားသခင်မေတ္တာကို ရရှိနိုင်ပါသည်။ ထိုမေတ္တာကို ရရှိသွားပါက လောကတွင် အသက်ရှင်နေမှုမှာအဓိပ္ပါယ်ရှိလာမည်။ ငွေ၊ ဂုဏ်၊ အရှက် စသည်တို့အတွက် အသက်ရှင်နေစရာမလို၊ ဘုရားသခင်မေတ္တာရရှိပါက ငွေမရှိ၊ ဂုဏ်မရှိ၊ ရှက်စရာအဖြစ်အပျက်များ ကြုံရသော်လည်း လောကကြီးကို ရင်ဆိုင်နိုင်သည်။ အသက်ရှင်သောဘုရားသခင် မိမိနှင့်အတူ ရှိနေခြင်းအသည် အလွန်အားရှိလှသည်။ 

ထို့ကြောင့် မေတ္တာဆုံးရှုံးပြီး စိတ်ဓါတ်ကျဆင်းနေသူသည် တခါတရံ၊ ဟန်ဆောင်ပြီး၊ မာန်တင်းနေထိုင်နေသော်လည်း မိမိနှင့်ရင်းနှီးသူဖြစ်ပါက အနည်းဆုံး ဖုန်းဆက်၊ သွားတွေ့သင့်ပါသည်။ စကားများများ ပြောစရာမလိုပါ။ သူငယ်ချင်း ... ထမင်းကြွေး၊ လက်ဘက်ရည်တိုက်ချင်လို့ လိုက်ခဲ့ပါလား... လောက်ပဲပြောဆိုရင်၊ သူတို့ကို ဂရုစိုက်အားပေးသူ ရှိနေပါသေးသလားလို့ အားတက်စရာဖြစ်ပါတယ်။ မိမိဟာ ယုံကြည်သူဖြစ်ရင် ဘုရားသခင်ရဲ့မေတ္တာကို ပြောပြနိုင်ပါတယ်။ 

စိတ်ဓါတ်ကျဆင်းပြီး၊ ငွေ၊ဂုဏ်၊သိက္ခာကျဆင်းနေသူ ဘုရားသခင်မေတ္တာနဲ့ ချိုသာစွာ၊ ပြောဆို၊ အားပေးတဲ့ဒေသနာကို နားထောင်ဖတ်ရှုဖို့  အညွန်းပေးချင်ပါတယ်။ ဆရာအော်နယ်ညို .. အမေရိကား၊ ဥရောပ၊ သြစတြေးလျှား မြန်မာ၊ ကရင် ဒုက္ခသည်များစွာ စိတ်ဓါတ်မြှင့်တင်ပေးတဲ့ ဒေသနာဖြစ်ပါတယ်။


Reference Link:
http://mingalaronline.biz/sermons/mp3/depression.saya.awnaw.nyo.htm