“ကျွန်တော်နှင့်ယမ်းငွေ့ဝေသော ကာလများ” - ကိုမေတ္တာ (သင်းအုပ်ဆရာ)

အချိန်ကား ၁၉၉၂ ခုနှစ်၊ မိုးဦးကာလဖြစ်ပါသည်။ တိတိကျကျပြောရမည်ဆိုလျှင် ဇွန်လ (၂)ရက်နေ့ နံနက် (၅)နာရီတိတိဖြစ်ပါသည်။ အာရုဏ်မတက်သေးသဖြင့် အမှောင်ထုရှိနေသေး သောကြောင့် နန်းယွန်းမြို့ ကလေးမှာငြိမ်သက်စွာ အိပ်စက်နေဆဲဖြစ်ပါသည်။ ကျွန်တော်လည်းအိမ်ရှိ ဝါး ကုတင်လေးပေါ်တွင် ဂွမ်းစောင် ထူထူဖြင့် နွေးထွေးစွာအိပ်ပျော်နေခိုက် နားထဲတွင် “ရွှီး” ဟူသော ခရာ

မှုတ်သံကဲ့သို့ အသံတစ်သံကြားရပြီးနောက် စက်သေနတ်ပစ်သံများ၊ လက်နက်ကြီးငယ် ပစ်ခတ်သံ ပေါက်ကွဲသံများဖြင့် တစ်မြို့လုံးဆူညံသွားပါသည်။ ကျွန်တော်တို့အိမ်ပတ်ဝန်းကျင်၌လည်းလက်နက်ကြီး ငယ်များပစ်ခတ်သံ အိမ်နောက်ဖက် ခပ်လှမ်းလှမ်း ရဲကင်း ကတုပ်မှပြန်လည်ပစ်ခတ်သံများဖြင့်ဆူညံနေပြီး ရုတ်တရက်ဖြစ်၍ ဘာလုပ်ရမှန်း မသိကြောင်နေမိပါသည်။ တဖက်ခန်းမှ ကျွန်တော်နှင့်အတူနေသောဆရာ ယောဆက်က “ ဆရာ … ဆရာ - အိမ်အောက်ဆင်းခဲ့၊ ဝပ်နေဝပ်နေ… မကြောက်နဲ့နော်.. ဟုအသံတုန်တုန်ဖြင့် အားပေးကာ ခေါ်နေသဖြင့်အိပ်ယာထက်မှ ဝုန်းကနဲ့ဆင်းကာ အိမ်အောက်ဘက် လှေကားခြေရင်း နားမှာကပ်၍ ဝပ်နေမိပါသည်။ တစ်ခါမှထိုသို့မကြုံဖူးသည့်အပြင် အတွေ့အကြုံလည်း မရှိ၍ တစ်ကိုယ်လုံး တုန်ရီနေမိပါသည်။ (၅)မိနစ်ခန့်ပင် ပစ်ခတ်သံများကြား၌ ဝပ်နေရာမှအိမ်၏ အနေအထားသည် ပစ်ကွင်းအလယ်၌ရှိနေ၍ မလုံခြုံဟု ယူဆသောကြောင့် ဆရာယောဆက်ကပင် “ဆရာအိမ်တံခါးကထွက်ပြီးတော့… ခြံထောင့်ငှက်ပျောပင်အုပ်ကြားကို သွားကြမယ်” ဟုဆိုသောကြောင့် နောက်ဆုံးခြံထောင့်ငှက်ပျောတောအကြား အိမ်သာဟောင်းကျင်းရှိရာနေရာသို့ ကျွန်တော်တို့(၂)ဦး ရောက်သွားပါသည်။ ကင်းတွေမြွေတွေ ကိုက်ခံရမည်ကိုလည်း မစဉ်းစားအားခဲ့ပါ။ ပစ်သံခတ်သံများ အော်ဟစ်သံများနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီး အချိန်သိပ်မကြာလှပါ။ နံနက်လင်းအားကြီး ချိန်(၇)နာရီခန့်လောက်တွင် သေနတ်သံများစဲသွား၍ အနီးအနားရှိအိမ်များမှ လူများသည်လည်း အသီးသီးပုန်းခိုရာနေရာများမှထွက်လာ၍ ကျွန်တော်တို့လည်း အိမ်သာကျင်းဟောင်းကြီးမှ တက်လာ နိုင်ခဲ့ပါသည်။ “တော်ပါသေးရဲ့… အိမ်သာကျင်းဟောင်းကြီးမှာ ခြုံနွယ်များရှိပေမဲ့…. မြွေမရှိ၊ ကင်းမရှိ၍ အကိုက်မခံရတာ”ဟုလည်းတွေးမိပါသည်။နောက်တော့ပတ်ဝန်းကျင်ကိုအကဲ ခတ်ကြည့်လိုက်သောအခါ လက်နက်ကိုင်တပ်ဖွဲ့များတွေ့ရ၍ ကချင်ဘာသာဖြင့် စကားပြောဆိုနေကြသဖြင့် ကချင်တောတွင်း လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြောင်း သိလိုက်ရပါသည်။ မကြာမှီပင် အခြေအနေမှန် ကိုသိလိုက်ရပါသည်။

ကျွန်တော်တို့နန်းယွန်းမြို့ကလေးကား ကချင်တောတွင်းလက်နက်ကိုင်အဖွဲ့များ၏ သိမ်ပိုက်မှုကို အမှန်တကယ်ဘဲ ခံလိုက်ရပြီးဟူ၍ဖြစ်သည်။ ထို့နောက်တွင်ကား စစ်မီးအပူလုံးကိုရင်ဝယ်ပိုက်ရင်း ပို၍ အန္တရာယ်ကင်းမည်ဟု ယူဆရသည့် တောင်ကျောတစ်ခုတွင်ရှိသည့် တောင်ယာတဲလေးတစ်ခုသို့ ကျွန်တော်နှင့် ဆရာယောဆက်တို့ ရောက်သွားခဲ့ကြပါသည်။ ထိုနေရာမှဆီး၍မြင်နေရသောနန်းယွန်းမြို့နှင့်

ကျွန်တော်၏အိမ်(ရုံးဟုလည်းဆိုနိုင်သည်) ကိုကြည့်ရင်း အားမတန် မာန်လျော့ နေရတော့သည်။ မြို့ကို ပြန်လည်သိမ်းပိုက်ရန်ကြိုးစားကြသော တပ်မတော် စစ်ကြောင်းများမှာလည်း မီးကုန်ယမ်းကုန် ထိုးစစ် ဆင်နေကြသည်။ သတင်းများကလည်း အစုံပင် ကောင်းကင်ယံမှ ရဟတ်ယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊

တိုက်လေယာဉ် များကလည်း အလှည့်ကျ လာရောက်ပစ်ခတ် တိုက်ခိုက်ကြသည်။ ရုပ်ရှင်ကားများ ထဲတွင်သာ တွေ့မြင်ဖူးသောမြင်ကွင်းကို ယခုကျွန်တော်တို့မျက်ဝါးထင်ထင် တွေ့နေရပြီလေ … ။

ထို့နောက်တွင်ကား (၉) ရက် (၉) ညမျှမြို့ကိုသိမ်းပိုက်ယူထားသော တောတွင်း လက်နက်ကိုင် အဖွဲ့များသည်မြို့ကိုစွန့်ခွာ၍ဆုတ်သွားကြလေသည်။ သတင်းအရ သိရသည်မှာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှတပ်ရင်း (၇) ရင်းသည်လျင်မြန်သော အရှိန်အဟုန်ဖြင့်ရောက်ရှိလာကာ နန်းယွန်းမြို့ကိုပြန်လည် သိမ်းပိုက်ရရှိရေးအတွက် စစ်ပွဲဆင်နွဲကာ ဗျူဟာမှူးကြီး ကိုယ်တိုင် စစ်ပွဲကိုလာရောက် ဆင်နွဲနေခြင်းဖြစ် ကြောင်း၊ ထို့နောက်တွင်ကား မြို့မှကစဥ့်ကလျားဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော မြို့သူမြို့သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများသည် အလျိုအလျိုဖြင့် မြို့တွင်းသို့ ပြန်လည်၍ဝင်ရောက်လာကြပါသည်။

ပျက်စီးယိုယွင်းနေသောမြို့ကို ပြန်လည်ထူထောင်ရေး၌လည်း အခက်အခဲပေါင်း များစွာပင်ရှိနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကလည်း ရာသီဥတုဆိုးဝါးနေချိန်၌ မြို့ကိုရဟတ်ယာဉ်ဖြင့် ရောက်အောင် လာကာ စုမိသလောက် မြို့သူမြို့သားများအား အလယ်တန်းကျောင်းလေး၌ ဆုံတွေ့ အားပေးစကားပြော ခဲ့ပါသည်။ မြောက်ပိုင်းတိုင်း စစ်သမိုင်း၌ အပြင်းထန်ဆုံး ဖြစ်ခဲ့သော စစ်ပွဲကားဆက်လက်၍ တစ်လခန့် ကြာမြင့်ခဲ့သည်။ သတင်းစာများ၌ မျက်နှာဖုံး သတင်းဓါတ်ပုံတွင် ကျွန်တော်၏ပုံပါသွားခဲ့သဖြင့် သာသနာ

ဌာနချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များလည်း “ငါတို့လူမသေသေးဘူး… ရှိသေးတယ်” ဟူသော မှတ်ချက်ကို ချနိုင် ခဲ့သည်ဆို၏။ မြို့သူမြို့သားများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာများ၊ အခြားအခြားသော လူမှုဒုက္ခ ပြဿနာများဒဏ်ကို ခါးသီးစွာခံစားရလေသည်။ စစ်၏ အနိဌာရုံများ၊ ဒုက္ခများ၊ ကြေကွဲဘွယ်ရာများကား

ပြည့်နှက်လို့ပင်။ နဂိုကတည်းမှ တောင်ယာများကြွက် ဖျက်ဆီးမှုကြောင့် ရွာအချို့အငတ်ဘေး ကြုံနေရချိန် စစ်ပွဲကြီးကစတင်ဝင်ရောက်လာတော့ ဆိုဘွယ်ရာမရှိတော့ပြီး။ ကျွန်တော်လည်းစစ်ပွဲကြီးကို ဆင်နွှဲ နေသည့်ကာလ တစ်ဦးတည်းအဖော်မဲ့ နေရသည့်ညများ၊ စစ်ပွဲမှထွက်ပြေးလွှတ်မြောက်လာသော အထမ်းသမားများ၏ခိုလှုံခွင့်ကူညီရေး ကိစ္စ၊ သာသနာပစ္စည်းများ ပျောက်ပျက် ဆုံးရှုံးမှု မရှိရအောင် ကာကွယ်ထားရေးနှင့် စစ်ပွဲကြောင့် ထိန့်လန့် ကြောက်ရွံ့နေသော အသင်းသူ အသင်းသားများကို ကြည့်ရှု အားပေးရေးကိစ္စများအတွက် ခေါင်းခြောက်နေရသည်။ ရိက္ခာပြတ်လပ်မှုကြောင့် ဆန်စပါးပြတ်လပ် သွားသော်လည်း ရှိသည့်ပိန်းဥ၊ မျောက်ဥများဖြင့် ဝမ်းရေးပြဿနာကိုဖြေရှင်းရသည့်အခါများ၌ စိတ်ဓာတ်ကျသည့်အခါများလည်းရှိခဲ့သည်။ စစ်ပွဲအပြီး ခင်မင် ရင်းနှီးသောဝန်ထမ်းများက နိုင်ငံတော် အစီအစဉ်ဖြင့် ရဟတ်ယာဉ်စီးကာ တနိုင်းမြို့သို့ အပြန်ခရီး ပြုခါနီး လာရောက်နှုတ်ဆက် သည့်အခါ ကြေကွဲစွာ ကျန်ရစ်ခဲ့ရသည်။

ညအချိန်များ၌ စစ်ပွဲအတွက် လိုအပ်သည့် ရိက္ခာပစ္စည်းစုရန် အထမ်းသမား (ချော)ရှာဖွေနေသည့် စစ်သားများ၏ လှုပ်ရှားသံ၊ ခွေးဟောင်သံ၊ ငိုယို ငြင်းဆန်နေသံများကို

စိတ်မချမ်းမြေ့စွာ ကြားရသည်။ မြို့သိမ်း တိုက်ပွဲဆင်နွှဲသော တပ်များကလည်း ဧည့်သည် များသာဖြစ်၍ ကျွန်တော်အား သိသူမရှိ။ သို့ရာတွင် ကျွန်တော့်အိမ်သည် အိမ်လိုလို၊ ရုံးလိုလို ပုံစံမျိုးဖြင့် တည်ဆောက် ထားသဖြင့် ဒေသခံအိမ်များနှင့်မတူထူးခြားသည့်အပြင် ခြံဝင်းကိုဝါးဖြင့် လုံခြုံသပ်ရပ်စွာ ကာရံထားသဖြင့် ကြည့်လိုက်လျှင် သိသာသည်။ တစ်ညကဝန်ထမ်းရှာကြသော တပ်သားအချို့ အိမ်နားရောက်သည့်အခါ တစ်ယောက်က ခြံတံခါးကို ဖွင့်ခိုင်းမည်ပြုစဉ် တစ်ယောက်က “ဟာ… ဒီအိမ်က… ရိုးရိုးအိမ် မဟုတ်ဘူး… ခရစ်ယာန်ဆရာ နေတဲ့အိမ် လို့ကြားတယ်… ရှိပါစေတော့” လို့ဆိုသည့် စကားကို နားဖြင့် ဆတ်ဆတ်ကြားရ သည့်အခါ “အင်း… ဘုရားသခင်မလို့… တော်သေးတာပေါ့” ဟု မိမိဘာသာ

ပြောမိသည်။ ဘာပဲဖြစ်ဖြစ် … ကိုယ့်ဘက်က ဝန်ထမ်း (ချော)ခေါ်ရင်တော့ဖြင့် ငြင်းဆန်မရလို့လိုက်ရရင် လည်း အဆင်သင့်ဖြစ်ရအောင် ဝါးပလိုင်းတစ်ခု၊ ဓါးတိုလေး တစ်ချောင်း၊ ဆားတစ်ထုပ်နှင့် မီးခြစ်တစ်လုံး၊ ဖယောင်းတိုင်အနည်းငယ်၊ ပုဆိုးတစ်ထည်ကို အဆင်သင့် ထည့်ထားသည်။ ညအိပ်လျှင် ဘောင်းဘီရှည် ဝတ်၊ ခြေအိတ်ကို အဆင်သင့်စွပ်ထား၍ တောစီးဖိနပ်ကို အသင့်ထားရှိသည်။ ကိုယ့်ဘက်က လိုက်ရမည် ဆိုလျှင် အဆင်သင့်ပေါ့။ စစ်ပွဲအပြီး တပ်ရင်းများ မိမိဌာနေ အသီးသီးသို့ ဆုတ်သွား ရချိန်၌ ကျွန်တော် လည်း ခန္တီးမြို့တွင် အခြေစိုက်သော အနီးသာသနာအဖွဲ့ ၌ ကျမ်းစာသင် ကျောင်းအုပ်ကြီးမှာ ကျန်မာရေး အခြေအနေကြောင့် မလာနိုင်တော့၍ ကျွန်တော်အား ထိုတာဝန်နှင့် အတူ အနီးသာသနာရုံး၏တွဲဘက် အတွင်းရေးမှူး တာဝန်ဆက်လက် ထမ်းဆောင်ရန် တာဝန်ပေးအပ်မှု ကြေးနန်းစာ ကိုရရှိ၍ မိမိ၏နယ်အဖွဲ့ များနှင့် ညှိနှိုင်းရာအားလုံးက “ဆရာလည်း… ဒုက္ခများနေပါပြီး… သွားပါတော့… ကျွန်တော်တို့ကျန်တဲ့

လူတွေလုပ်နိုင် သလောက် ဆက်လုပ်မယ်” ဟုဆိုသဖြင့် ခန္တီးမြို့သို့ သွားရန်အတွက် ခရီးပြုပြင်ဆင် ရပါတော့သည်။ စစ်ပွဲအပြီး လမ်းခရီး၌ ထောင်ထားသော မြေမြုပ်မိုင်းများ အန္တရာယ် ကလည်းမသေး။ ထို့ကြောင့်(မ.ဝ.တ)၏ ခွင့်ပြုပံ့ပိုးမှုဖြင့် ကျွန်တော်၏ သာသနာရွှေ့ ပြောင်းခရီးကို စခဲ့ရပါသည် ။ နန်းယွန်းမြို့ ၏တစ်ခုတည်းသောကြိုးတံတား (မြို့ဟောင်း)မှာလည်း ပျက်စီးသွားသဖြင့် အသုံးမပြုနိုင်တော့သော ကြောင့် တိုင်ကီလုံးများနှင့် တွဲကာ တည်ဆောက်ထားသော ဝါးဖောင်လေးနှင့် ရေစီးသန် လှသော တိုင်းယွန်းချောင်းကို ခဲရာခဲဆစ် ကူးခဲ့ပြီးနောက် ရှင်ဗွေယန်မှ နန်းယွန်မြို့သို့ ရိက္ခာသယ်ပို့သော စစ်ကြောင်းနှင့်အတူ လိုက်ပါခဲ့ရလေသည်။ စစ်ကြောင်းမှူးဗိုလ်မှူကျော်ဝင်းကလည်း မိတ်ဖွဲ့ကြ၍ ရင်းနှီးကာ “ဆရာ…ကျွန်တော့်နောက်ကဘဲ လိုက်နော်။ လမ်းဘေးကိုလုံးဝမဆင်းနဲ့” ဟု သတိပေးထား၍ ဆီးသွားချင်သည့်အခါမှာ တောင်အောင့်အီး ၍နေခဲ့ကာ အပြန်ခရီးကို ပြုခဲ့ရပါသည်။ တပ်မတော်သား များလည်းစစ်ပွဲအပြန်ခရီး၌ ကျဆုံး၍ကျန်ခဲ့သူ သူငယ်ချင်းများ အတွက်ဝမ်းနည်း ကြေကွဲရင်း လေးလံ လွန်းသောဝန်များကို ကိုယ်တိုင်ထမ်းကာ ပြန်လာကြရသည်ကို တွေ့ရပါသည်။ တပ်မတော်သား တစ်ဦးက ကြေကွဲစွာဖြင့်…… “ဒီကအပြန်မှာတော့…. တပ်ကထွက်ပြီး အနားယူခွင့် တောင်းတော့မယ်ဗျာ…. အေးဆေးဘဲလယ်ပြန်စိုက်စားတော့မယ်” ဟု ကြေကွဲစွာ ပြောနေမှုအတွက် ဂရုဏာ အမှန်သက်မိ ခဲ့ရပါသည်။

တကယ်တော့လည်း ဘယ်သူက မှား၍ဘယ်သူက မှန်သည်ဟု ကျွန်တော် မဆုံးဖြတ်တတ်ပါ။

အရှုံးနှင့် အနိုင် တစ်ခု၊ ဂုဏ်သိက္ခာ ရပ်တည်မှု တစ်ခုအတွက် ဘဝတွေ ပေါင်းများစွာကို ရင်းနှီးကာ “စစ်” တည်းဟူသော အရာကိုဆင်နွှဲခဲ့ကြရပါသည်။ အဖြေရသည်မရသည်ကို နာဂတောင်တန်း ယမ်းငွေ့များ အကြားက ထွက်ခဲ့ရသော ကိုမေတ္တာတစ်ယောက်မသိပါ။ သို့ရာတွင်အနိဌာရုံများ၊ ခက်ခဲမှုများ၊ ကြေကွဲမှုများ နောက်တွင် ကမ္ဘာကြီး၊ ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး လည်းငြိမ်းချမ်း ပါစေ လူတွေလည်း တစ်ယောက်ပေါ် တစ်ယောက် မေတ္တာပွားများပြီး တစ်ဦးပေါ်တစ်ယောက် ချစ်မေတ္တာ ထားနိုင်ကြပါစေ၊ ခွင့်လွှတ်နိုင်ကြပါစေ လို့သာ အထပ်အထပ် အခါခါ ….ဆုတောင်း နေမိပါတော့သည် ခေတ္တနားပါဦးမည်

ကိုမေတ္တာ (သင်းအုပ်ဆရာ)__