သတ်ပုံမှားသော်လည်း


သတ်ပုံမှားသော်လည်း - ကိုမေတ္တာ(သင်းအုပ်ဆရာ)

    'ကိုးလလွယ်၊ ဆယ်လဖွား' သားသမီးများကို ၀မ်းနှင့်လွယ်ကာ ကျွေးမွေးစေါင့်ရှောက်ရသူ 'အမေ' များသည် အတော်ပင် အံ့သြဖို့ကောင်းကြပါသည်။ ကျွန်တော်သည် သားနှင့် သမီးတို့၏ အဖေတစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်လာရချိန်၌ သားသမီးတို့၏ ချစ်ကြောက်မှုကို ရရှိသည်ဟု ဆိုလျင် မမှားပါ။ 'ရိုသေမှု' ဆိုသည်ကတော့ သူတို့တွေ ငယ်ရွယ်သေးသမို့ သိပ်ပြီးမထင်ရှားသေးပါ။ သမီးငယ်ကတော့ ကျွန်တော်နှင့် ပိုပြီး အနေနီးသည်။ သားကြီးသြရသ ဖြစ်သည့် ဖိုးကောင်းကြီးကတော့ အမေနှင့် အဒေါ်တို့၏ အသည်းတုံးပေတည်း။

.


        ကျွန်တော်၏ အမေက ကျွန်တော့ကို ဘယ်လောက်ထိ ချစ်ကြောင်းကို ကျွန်တော် စာဖွဲ့မပြတတ်ပါ။ ကျွန်တော် လူငယ်ဘ၀က ရန်ကုန်သို့ ကျောင်းလာတတ်စဉ် အခါ၌ ခဲတန်နှင့် စာရွက် ၀ါကြင်ကြင်ကလေး၌ ရေးထားသည့် မညီမညာ အမေ့၏ လက်ရေးနှင့် ဆုံးမစာကို ယခု ပြန်ဖတ်ကြည့်တော့ မျက်ရည်ပင် လည်ရသည်။ စာလေး၏ လေးပုံ သုံးပုံသည် ကျွန်တော့်အတွက် စိုးရိမ်ပူပန်ကြောင်းများသာဖြစ်၍ စာလုံးပေါင်း သတ်ပုံ အမှားအယွင်းများစွာကို တွေ့ရသော်လည်း ဆိုလိုရင်းကား ကျွန်တော့အပေါ် သူဘယ်လောက်အထိ စိုးရိမ်ပူပန်ရကြောင်းများ၏ နောက်တွင် ကြီးမားသည့် ချစ်ခြင်းမေတ္တာကို တွေ့ရပါသည်။ ယခုတော့ အမေမရှိတော့ပြီ။

      'ပန်းလိုလျှင် အပင်ပျိုးတတ်မှ' ဟူသော လယ်တွင်းသား စောချစ်၏ စာအုပ်ကလေးကို တကူးတက ရှာဝယ်လာ၍လည်းကောင်း၊ ဒေါက်တာကျော်စိန်၏ ကလေးသူငယ် ပြုစု ပျိုးထောင်မှုဆိုင်ရာ စိတ်ပညာစာအုပ်ကို လည်းကောင်း၊ ကျွန်တော်သည် ဇနီးဖြစ်သူ ဒေါ်တိုင်းနီအား ပေးဖတ်ပါသည်။ 'မင်းသားကို သိပ်ပြီး အလိုမလိုက်နဲ့နော်' ဟုဆိုကာ အပြစ်တင်လေသံဖြင့် ပြောသည်ကို လည်းကောင်း၊ 'မင်းအလိုလိုက်လို့ အချစ်ကို ဖေါ်ပြလွန်းလို့ မင်းသားကို မင်းမနိုင်တာ' ဟု ဆိုသည့်အခါတိုင်း သူမ၏ မျက်နှာသည့် ဘာမှမဖြစ်လေဟန်၊ မထူးခြားသည့်ဟန်ဖြင့် တုံ့ပြန်တတ်သည်။ ကြာတော့လည်း 'မပြောချင်တော့ဘူးကွာ' ဟူ၍ ကျွန်တော်ညည်းတွားမိတော့ သူမက ပြုံးပြန်သည်။ တခါတရံ 'မင်းအဖေလာမှ တိုင်ပြောမယ်' ဟူသော သူမ၏ စကားကို ကျွန်တော်က 'ဒါဆို မင်းက အမေတစ်ယောက် ဖြစ်နေပြီးမှ ကိုယ့်သားကို ကိုယ်မဆုံးမနိုင်တာ မရှက်ဖူးလား' ဟု ခပ်ထန်ထန်လေး ပြန်ပြောတတ်သည်။ တခါတရံ၌ ဆိုရိုးစကားကို ဖျက်၍ ကျွန်တော်က 'မိမဆုံးမ ဖမဆုံးမ' ဟု ငြင်းခုန် ပြောတတ်သည်။ ကျွန်တော်တို့ အိမ်ထောင်၌ ဘာပြဿနာမှ မရှိပါ။ ကျွန်တော့အထင် သူမသားသမီးများကို အလိုလိုက်လွန်းသည်ဟု ကျွန်တော်ထင်သည့် ကိစ္စ နှင့်သာ မကြာခဏ စကားစစ်ထိုးပွဲ ဖြစ်ရတတ်သည်။ ရန်ပွဲတော့ မဟုတ်ပါ။ သူနှင့် ကျွန်တော် တစ်ခု သဘောတူညီမှုရယူထားသည်။ တစ်ဦးက ဆုံမလျှင် တစ်ဦးက 'ကာဆီး၊ ကာဆီး မလုပ်ကြေး'  ဟူ၍ ဖြစ်သည်။ သူမက ထိုအချက်ကိုတော့ လိုက်နာပါသည်။ ကျွန်တော် ဆုံးမနေချိန် အပြစ်ပေးနေချိန်၌ ကာဆီး ကာဆီးတော့မလုပ်။ သို့ရာတွင် ကျွန်တော့ နောက်ကွယ်ရာမှာ ပြန်၍ ချော့သည့် ပုံစံလုပ်ပြန်သည်။ သားတော်မောင်က ပြောဖူးသည် တဲ့။ လောကတွင် သူအကြောက်ရဆုံးသူ နှစ်ဦးရှိသည်။ ပထမကတော့ "ဘုရားသခင်"။ ဒုတိယကတော့ ပါးပါး တဲ့။ ကောင်းရော။ ဘုရားသခင်ကို ကြောက်သည်ဆို၍ တော်ပါသေးသည်။ တစ်ခါက အသက် (၇)နှစ်လောက်တုံးက ဖြစ်မည် ထင်ပါသည်။ ရွာရှေ့ လမ်းမပေါ်တွင် ဆော့ကစားနေစဉ် တွေ့မိသောသူများက မော်တော်ကား၊ ဆိုင်ကယ်များ တိုက်သွားမည်ကို စိုး၍ လမ်းမပေါ်မှာ မဆော့ရန် တားမြစ်ကြသည်။ သူက နားမထောင်သောအခါ သူ့အား ထိုသို့ပြော၍ ခြောက်လှန့်ကြည့်ကြသည် ..တဲ့။

        'ဖိုးကောင်းကြီး ပြောစကား နားမထောင်ရင် မင်းပါးပါးနဲ့ တိုင်ပြောမယ်နော်'  ဆိုရာ သူက ဘယ်လို ပြန်ဖြေသည် ထင်ပါသလဲ။

        'ပါးပါး မရှိဘူး၊ ခရီးသွားနေတယ်' ဟုဆို၏။ ထိုအခါ ထပ်မံ၍ 'ဒါဆို မင်းမိုးမိုးနဲ့ တိုင်ပြောမှာပေါ့ '  ဟု သွေးတိုးစမ်းပြန်ရာ ကျွန်တော့သားက ဤသို့ ပြန်ဖြေသည်တဲ့။

        'မိုးမိုးကို မကြောက်ဘူး'  ဟူသတည်း။ ထိုစကားသည် လူကြီးများမှ တဆင့် သူ့အမေနားဆီသို့ ရောက်သွားသောအခါ ထိုညနေ၌ သူ့ (သားတော်မောင်) အမေ၏ အရိုက်ခံရသည်တဲ့။ (တုတ်ကလေး သေးသေးနှင့်ပါ)။ ကျွန်တော်က ထိုအဖြစ်အပျက်ကို ဇနီးသည်အား ပြန်မေးသောအခါ သူမက 'သူ့ကိုမကြောက်ဘူး' ဟူသော စကားကြောင့်မဟုတ်ပဲ ....

         သူလမ်းမပေါ်မှာ ထွက်ဆော့တာ၊ ကားတိုက်ခံရရင်၊ ဆိုင်ကယ် တိုက်ခံရရင် ဘယ်လိုလုပ်မလဲ? နောက်နောင် ထိုသို့ မလုပ်ရန် ဟုဖြေသည်။ 'ကောင်းလေစွ' ဟုဆိုရင်း 'ဒါဆို မင်းကို မကြောက်ဘူး ဆိုတဲ့ စကားအတွက်ရော'  ဆိုရာ သူမက 'ကြောက်စရာလိုလို့လား?' ကျွန်မက သူ့အမေပဲ ဆိုတဲ့ စကားအတွက် ကျွန်တော် ဒေါသထွက်ရပြန်သည်။ ရှိစေတော့။

         ကျွန်တော့သားသည် ဗီဇအရ ကျွန်တော်နှင့် တူတာတွေ အတော်ရှိသည်။ 'သြော် .. သားနဲ့ အဖေပဲကိုး '   ဟု မှတ်ချက်ချလိုကလည်း ချနိုင်သည်။ ကျွန်တော် ငယ်ငယ်က ငါးရှာ၊ ဖားရှာ၊ အလွန်မှ ၀ါသနာပါသည်။ ရှာလျှင်လည်း ရတတ်သည်။ ကျောင်းပိတ်ရက်တွေဆို ငါးမျှားတံတွေနှင့် တနေကုန် ပျောက်နေတော့သည်။ ဒီတော့ ဒီကောင်ကလေးလည်း အဖေတူသားမို့ ငါမျှားမှုကို အလွန်မှ ၀ါသနာပါသည်ထင်သည်။ ကျွဲကျောင်း၊ နွားကျောင်း၊ ရွံ့ဗွက်ထဲ ငါးဆင်းဖမ်းပြီး ငါးတွေ ပြန်ယူပေးလာလျှင်တော့ သူ့အမေက သူ့ကို ကြော်ပေးတတ်သည်။ သို့ရာတွင် အစိုးရိမ်ကြီးလွန်းသော ကျွန်တော့မိန်မ ဒေါ်တိုင်းနီကတော့ သူ့သား တနေကုန်ပျောက်နေပြီး ငါးသွားမျှားတာကို လုံးဝမကြိုက်၊ ရေထဲသို့ ပြုတ်ကျပြီး ရေနစ်မှာကို စိုရိမ်သည်  တဲ့။ ကျွန်တော်က ဟားတိုက်၍ အော်ရယ်မိသည်။ 'မင်းသားကို ရေနစ်မှာ စိုးရိမ်နေ၊ မင်းသားက ရေထဲမှာ ဖျံတောင် အရှုံးပေးလောက်တယ်'  ဟု ကျိုးကြောင်း သိပြီးပြောတော့ 'စိုးရိမ်လို့ပါ'  ဟု မိန်မကဖြေသည်။ တစ်ခါကလည်း ကျွန်တော် ရွာထဲမှာ သွားလာရင်း သားတော်မောင် နှင့် သူ့အမေ၏ ဇတ်လမ်းတစ်ပုဒ်ကို ကြားရခဲ့ပြန်သည်။


        ထိုဇတ်လမ်းအစက ကျွန်တော်မသိ။ နောက်မှ ရွာထဲရှိ မိခင်တစ်ဦးက ရယ်မော၍ ပြောပြမှ ဇနီးသည် ဒေါ်တိုင်းနီအား ဂရုဏာ ဒေါသဖြစ်မိသည်။ ထို့ကြောင့် တစ်ခုသော ညနေခင်းလေးဝယ် သားတော်မောင် ကိစ္စနှင့် ပတ်သက်၍ ကျွန်တော်နှင့် သူမ ထုံးစံအတိုင်း စကားစစ်ထိုးပွဲလေး စတင်ရပါပြီ။ ကျွန်တော်ကပင် စတင်၍ စကားစစ်ထိုးပွဲကို ဖွင့်လိုက်သည်။

       "ကဲ ... ကဲ .. ဒေါ်တိုင်းနီ (ခေါ်) ဒေါ်အလိုလိုက်မကြီးရေ ... ငါကြားခဲ့ရတဲ့ သတင်း  ဟုတ်မဟုတ် ဖြေပါဦး"   ဟု ဆိုရာ၊ သူမက ကျွန်တော့ကို 'ဘာများလဲ'  ဟူသော အကြည့်ဖြင့် ပြန်၍ကြည့်သည်။ သူမက ထမင်းဟင်း ချက်နေသည်မို့ အနားတွင် ရေနွေးကြမ်းသောက်ရင်း ပြောနေသည်ဖြစ်သည်။

      'ဟို တနေ့က မင်းရဲ့သား ငါးမျှားသွားတာကို မင်းက တုတ်တချောင်းနဲ့ လိုက်ပြီး ရှာတယ်ဆို ... ဟုတ်လား? '   ရိုက်မလို့ပေါ့လေ.....

      'ဟုတ်တယ်လေ ... စာမေးပွဲက နီးနေပြီဆိုတော့ စာကျက်ပါ။ ဘယ်မှ မသွားပါနဲ့လို့ ပြောထားတာကို နားမထောင်ဘူး၊ ဒါကြောင့် သူငါးမျှားနေတဲ့ ဆီကို လိုက်ရှာပြီး'  ကျွန်တော်က သူမစကားကို ဖြက်၍

      '"အောင်မယ်လေး .. မယ်မင်းကြီးမ ... ငါ့မိန်းမ အတော်ဆုံးလေးရယ်... မင်းရဲ့ ဘယ်ရဲ့ ဘယ်ဘက်လက်ထဲမှာ တုတ်တစ်ချောင်း ကိုင်သွားပြီးတော့ ... ညာဘက်လက်ထဲမှာ ဘာကိုင်သွားသလဲ ? ... ငါ့ကို မှန်မှန် ပြန်ပြောစမ်း"   သူမက ကျွန်တော့်ကို ချက်ကျကျမေးလိုက်သဖြင့် သြော် ... သိသွားပြီးကိုး ... ဟူသောအကြည့်ဖြင့် ....

      "အင်းလေ .. ထမင်းချိုင့်ကိုင်သွားတာပေါ့  .. "  ဟု လေသံအေးအေးဖြင့် ပြန်၍ဖြေသည်။ ကျွန်တော်က ခပ်လှောင်လှောင် လေသံဖြင့် ရယ်လိုက်ပြီးနောက် ...

     "ကောင်းတယ်.. ကောင်းလိုက်တာ ... မင်းက မင်းသားကို လိုက်ရှာတာ ဒုတ်နဲ့ ဆုံမပြီး ပြန်ခေါ်လာဖို့ထက် ငါ့သားလေး ထမင်းဆာနေရော့မယ်။ လိုက်ရှာပြီး ထမင်းကျွေးမယ် ဆိုတဲ့ ပုံစံမျိုး ပေါက်မနေဘူးလား။ အဲဒီလိုသာ ကြပ်ကြပ်လုပ် .. မင်းသား  မောင်နားကောက် ... မင်းမသွားစေချင်တဲ့နေရာကို မင်းစကား နားမထောင်ပဲ သွားတိုင်း ထမင်းစားချိန်မှန်းမသိ ဖြစ်နေလည်း အချိန်တန်ရင် ငါ့အမေ ဂျိုင့်ဆွဲပြီး လိုက်လာမှာပဲဆိုပြီး ဘယ်တော့မှကို ပြန်လာမှာ မဟုတ်ဘူး။ နားလည်လား"  ဟုဆိုကာ အသံခပ်မာမာ ကလေးပြောလိုက်တော့ သူမက သူခိုးလူမိသွားသည့် ပုံစံမျိုးနှင့် ......

   "အဟင်း .. ဟင်း .. "    ဟုဆိုကာ ရယ်ပြီးမှ   "ဆရာကြီးရယ်"  ဟု ပြန်ပြောပါသည်။ သူမက ကျွန်တော့ကို ထိုသို့ ခေါ်တတ်သည်။ "ဆရာကြီးသား၊ ဆရာကြီးသမီး "  ဟူ၍လည်း ညွှန်းတတ်သည်။ "သူထမင်းစားမေ့ပြီး ငါးမျှားအရှိန်တက်နေတော့ တော်ကြာနေ အစာအိမ်ရောဂါတွေ၊ ဘာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"  ဟု ဆင်ခြေဖြင့် တုံ့ပြန်သည်။

    သူမက ထိုသို့ ရယ်ရင်း အပြစ်ဝန်ခံသလို ပြောသဖြင့် ကျွန်တော်က ပို၍ ဒေါသထွက် စိတ်တိုလာကာ ....

   "ဟင်း ... အစာအိမ်ရောဂါ  ဖြစ်ချင် ဖြစ်ပလေ့စေပေါ့၊ သူ့ဗိုက်နဲ့သူ ဆာလာရင် ပြန်လာစားမှာပေါ့ကွ ... ခုတော့ မင်းက အဲဒီလို ကြပ်ကြပ်လုပ်၊ ကြပ်ကြပ် အလိုလိုက်... နောက်ဆိုရင် မင်းရဲ့သားကို မိုးလင်းတာနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး။ ငါဘယ်ကိုပဲ ရောက်ရောက် ငါ့အမေက တွေ့အောင် လိုက်ရှာမှာပဲ  ဆိုပြီးတော့ .... ဟင်း ... မင်းတော့လေ ..."    ဟုဆိုကာ အတင်းဖိဟောက်တော့မှ  သူမက ဘာမှပြန်မပြော၊ ငြိမ်နေပြန်သည်။ ကျွန်တော်က အားမရသေး၍ ဆက်လက်၍ "ကဲ ... အခုလုပ်ပုံတွေဟာ သတ်ပုံလွဲနေပြီကွ၊ ငါပြောထားတယ်မဟုတ်လား၊ ပန်းလိုရင် အပင်ကို ပျိုးတတ်မှ ဆိုတာလေ၊ အခုတော့ ... ဟင်း ... ပြောစမ်း၊ မင်းဘာကြောင့် ငါ့စကားကို နားမထောင်ပဲ .. ဘာလို့ အခုလို လုပ်ရတာလဲ.... အဲဒါကို ငါသိချင်တယ်၊ သားသမီးအတွက် မင်းရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်က ဘာလဲ"   ကျွန်တော့စကားအဆုံးတွင် သူမက အောင်မြင်သော စစ်သူကြီးကဲ့သို့ ကျွန်တော့ကို မော့ကြည့်လိုက်ပြီးနောက် ထမင်းအိုးကို မွှေနေရာမှ

   "ဘာလို့လဲ ... ဟုတ်လား ... ဟင်း ... ဟင်း ..."   ဟုရယ်ရင်း  အောက်ပါအတိုင်း ပြောချလိုက်ပါသည်။

   "ကျွန်မက သူ့အမေ ဖြစ်နေလို့ပေါ့ရှင်"  တဲ့။

    ကျွန်တော့ခမျာ သူမအား ဘာမှ ပြောစရာ၊ ချေပစရာ မရှိသည့် အဆိုတစ်ရပ်ကို အတင်ခံလိုက်ရသလို ခံစားလိုက်ရပါသည်။ ကျွန်တော်လူငယ်ဘ၀က အမေ၏ သတ်ပုံမှားသော စာ၏နောက်ဝယ်၌ ရှိသော မေတ္တာကိုလည်း ပြန်ပြီး သတိရမိပါသည်။ "အမေများသည် သားသမီးများ၏ ဆာလောင် မွတ်သိပ်နေမှုကို ကြာရှည် လစ်လျူရှု ထားနိုင်စွမ်းမရှိကြပါကြောင်း"   ကျွန်တော် ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့ရပါတော့သည်။

ကိုမေတ္တာ (သင်းအုပ်ဆရာ)



မှတ်ချက်။  သင်းအုပ်ဆရာတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက် (အပါအ၀င် ၀တ္တုတို ဆောင်းပါးများ) စာအုပ်မှ တဆင့် ဖေါ်ပြပါသည်။