ဘုရားသခင် ရောင်းပါသလား? .. တစ်ဒေါ်လာပဲတဲ့

ကောင်လေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။

"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။

"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"

အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့ ဦးလေးဖြစ်သူနဲ့နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊ ဆရာဝန်က "ဘုရားသခင်"သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။ ဘွန်နီက ဘုရားသခင်ဆိုတာ အရမ်းထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေးအသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကိုပြောပြခဲ့တယ်။

အဘိုးအိုက ကရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ?" လို့ ဘွန်နီကိုမေးတယ်။

"တစ်ဒေါ်လာရှိပါတယ်"

"ကလေး... ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ!"

အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God"တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။

"ယူသွား.. ကလေး.. မင်းဦးလေး ဒီ "ဘုရားသခင်"ကို သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်တာနဲ့ "ဦးဦး.. ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ... ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ပြောတယ်။ နောက်တစ်ရက်မှာ အထူးကုအဖွဲ့တစ်ဖွဲ့ ဆေးရုံကိုရောက်လာခဲ့ပြီး ဘွန်နီ့ဦးလေးကို ဆေးကုပေးခဲ့တယ်။

အဲဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံးကိရိယာတွေနဲ့ ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသပေးခဲ့တယ်။ ဆေးရုံကမဆင်းခင် ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျော့သွား မတတ်ပါဘဲ။ ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ကိုလည်း သူပဲငှားရမ်းခဲ့ကြောင်းပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့စာတစ်စောင်ကို သူတို့လက်ခံရရှိခဲ့တယ်။ စာထဲမှာက...

"အမောင်လူငယ်... ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။ ခင်ဗျားအသက်ကိုကယ်ဖို့ ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.. ခင်ဗျားအသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက တကယ့်ဘုရားသခင်ဆိုတာ လူတွေရဲ့မေတ္တာစိတ်ပဲဖြစ်တယ်" လို့ ရေးထားပါတယ်။

 


ချစ်မိတ်ဆွေတို့..
ဒီအဖြစ်အပျက်ကတော့ ဘုရားသခင် တကယ်ရှိတယ်လို့ ယုံတဲ့ ကလေးသူငယ်လေးကို ဘုရားသခင်က မယုံကြည်သူများအား (ခရစ်ယန်မဟုတ်သော်လဲ) တံဆာပလာအဖြစ်အသုံးပြုပြီး မေတ္တာကိုပြသနေခြင်းပဲဖြစ်ပါတယ်။ အဲဒီ ဘွန်နီလို ဘုရားသခင်ရှိတယ် ..လို့ ယုံကြည်ခြင်း အလွန်အားကြီးသူ ဘုရားကို သဲသဲမဲမဲ၊ ကျိုးပဲ့ကျေမွတဲ့စိတ်နှလုံးနဲ့ ရှာဖွေနေသူရဲ့ အဖြစ်ပျက်လေးပါ။ တကယ်လဲ တွေ့သွားပါတယ်။ ..

သမ္မာကျမ်းစာမှာ ယုံကြည်ခြင်းကြီးမားသူများ ငြိမ်သက်ခြင်း၊၀မ်းမြောက်ခြင်း၊၀ိညာဉ်ရေးဆိုင်ရာ ဆုကျေးဇူးများရရှိတဲ့ ပုံပမာများစွာရှိပါတယ်။  အနာရောဂါကပျောက်ကင်းဖြင်း၊ သေရာမှရှင်လာခြင်း စတဲ့ Healing  အဖြစ်အပျက်အချို့လည်း ရှိပါတယ်။ လူသားမေတ္တာဟာ အကန့်အသတ်ရှိပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာဟာ အကန့်သတ်မရှိပါ။ ဘုရားသခင်ရဲ့ မေတ္တာရရှိထားသူဟာ သူ့တပါးကိုလည်း ချစ်မေတ္တာဖြန့်ဝေနိုင်ပါတယ်။

Ref: burmesebible.com (သို့မဟုတ်)
http://murann.com/BurmeseBible/public/ တမန်တော်ဝတ္တု အခန်းမှာ ယုံကြည်ခြင်း လို့ စာရိုက်နှိပ်ပြီး၊ ရှာကြည့်ပါ။ ယုံကြည်ခြင်းကြောင့် အံ့သြဖွယ်ရာ ဖြစ်ရပ်များစွာတွေ့ရပါတယ်။

 

သူဌေးကြီးအကြောင်းကိုစိတ်ဝင်စားသူများ ဆက်လက်ဖတ်ရန်

"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မ�...
12.12.12
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်...သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး More detail

အဖိုးအို၊ ချောက်ဖီးနေ ဆိုသော အမေရိကန်အဖိုးကြီးတစ်ယောက်ကို တွေ့ရင် ဆင်းရဲသား၊ ငမွဲတစ်ယောက်ပဲဟု အောက်မေ့ကြသတဲ့။ အင်မတန်မှ ချိုးခြံချွေတာပြီး အိမ်ငှားနေရတဲ့ အသက်(၈၀)အဖိုးကြီးမှာ စားစရာကောင်းကောင်းမရှိပါဘူး။ ဘတ်စကား၊ အငှားကားနဲ့ပဲ သွားလာပြီး၊ သူပတ်ထားတဲ့နာရီကလည်း ဘူတာရုံက ဈေးသေးသေးမှာ ၀ယ်ခဲ့တဲ့ အပေါစားနာရီပါပဲ၊ သူတို့ဇနီးမောင်နှံမှာ ၀ါကြွားစရာ အ၀တ်အစားနဲ့အိမ်ထောင်ပရိဘောဂများ မရှိသော်လည်း ပျော်ရွှင်နေကြပါရဲ့။ လျှို့လျှို့ဝှတ်ဝှတ် နေတတ်တဲ့ အဲဒီ ဆန်ဖရန်စစ္စကိုမြို့မှ ချောက်ဖီးနေး ဟာ တကယ်တော့ လျှို့ဝှက်အလှုရှင်တစ်ယောက်ဖြစ်ပြီး သူပိုင်ဆိုင်သော ဒေါ်လာ သန်းနှစ်ထောင်လောက်ကို တက္ကသိုလ်များဆီ လှုဒါန်းခဲ့ပါတယ်။ နာမည်ကြီးသော သူ့လုပ်ရပ်တစ်ခုက "Operation Smile" အပြုံးစစ်ဆင်ရေးဟု ခေါ်ပါ၏။ ကမ္ဘာပေါ်က နှုတ်ခမ်းကွဲသူတွေ၊ နှုတ်ခမ်းမလှမပ ဖြစ်သူတွေများအတွက် ကုသနိုင်ဖို့၊ ခွဲစိတ်နိုင်ဖို့ ရံပုံငွေရှာ၊ အလှုရှာပေးသော လုပ်ငန်းဖြစ်ပါ၏။ သူဌေးစစ်စစ် ဧကန်ဖြစ်ပါလျှက် နှိမ့်ချစွာနေနိုင်သော သူ့စိတ်ထားကို ချီးကျူးရပါသည်။ ထို့အပြင် နှုတ်ခမ်းကွဲ၍ မလှမပ မပြုံးနိုင်ရှာသော သူများကို ကိုယ်ချင်းစာနာလျှက် လှပစွာ ပြုံးနိုင်ဖို့ စိတ်စေတနာကြီးလှသော သူ့အလှုကိုလည်း နှစ်သက်လှပါသည်။

သူ့မှာရှိသမျှ ပေးလှုနေသော အဖိုးအိုကို သတင်းထောက်များက ခင်ဗျားရဲ့နောင်ရေးအတွက် စိတ်မပူဘူးလားဟု မေးလျှင် သူကပြုံ၍ "အလောင်းဝတ်ထားတဲ့ အကျီမှာ အိတ်ကပ်မပါဘူးလေ" ..ဟု ဖြေလေသည်။ ဤလောကမှလွန်သွားလျှင် ဘာတစ်ခုမှ၊ တစ်ဒေါ်လာမှ ယူမသွားနိုင်သော သဘောပါပဲ။ စင်စစ် လောကနဲ့သက်ဆိုင်သော အရာမှန်သမျှ လောကမှာ ထားပစ်ခဲ့ရမှာ ဖြစ်၍ လှပသောအပြုံးများကိုသာ သူတွေ့သွားချင်ပါသတဲ့။

ဘုရားရှင်ပေးသနားသော ကောင်းကြီးမင်္ဂလာများကို ကျွန်တော်တို့ ဘယ်လိုများ အသုံးပြုပါသလဲ။ ဝေမျှခြင်းကိစ္စမှာ ကျွန်တော်တို့ ဆည်းပူးခဲ့သော ပါရမီမည်မျှရှိပြီလဲ..ဟု တွေးမိပါသည်။ ချောက်ဖီးနေကတော့ ပေး၍မကုန်နိုင်သော သင်ရန်စာကို ဖေါ်ပြပေးခဲ့သည်။ သူ့တစ်ပါးကို ပညာတတ်စေချင်သောစေတနာ၊ သူ့တစ်ပါးကို လှပစွာပြုံးနေစေချင်သော ရည်ရွယ်ချက်ဖြင့် ချောက်ဖီးနေ အသက်ရှင်ခဲ့ပါသည်။

သူ့တပါးအတွက် အသက်ရှင်နေသော ထိုအဖိုးအိုသည်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ယနေ့တိုင်အသက်ရှင်နေပါသည်။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူ့တစ်ပါးကို ရေလောင်းတတ်သောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုး ခံရလိမ့်မည် (သုတ္တံကျမ်း ၁၁း၂၅) ဟု ကျမ်းစာတွင် ပါရှိပါသည်။

သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါဝေငှပေးကမ်းကြလော့။ အာဂနုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့ (ရောမ ၁၂း၁၃)
Ref: ညစဉ်ခွန်အား၊ Oct 2012