အဂ်နေးရှပ်(စ်) - နေမ၀င်ခဲ့သော မဟာလူသား

ခရစ်ယာန်ဆိုတဲ့ အမည်နာမဟာ ပထမဦးဆုံး ရောမအင်ပါယာရဲ့ တတိယအကြီးဆုံးမြို့ တော်ဖြစ်တဲ့ အန္တိအုတ်( Antioch) မြို့ မှာ ခေါ်တွင်ခဲ့တာပါ။ အမှန်ကတော့ ဘုရားမဲ့တွေက ပေးလိုက်တဲ့ နာမည်ပြောင်ပါ။ လက်တင်လိုတော့ Christiano လို့ အသံထွက်ပါတယ်။ ခရစ်တော်ရဲ့ နောက်လိုက်များ (သို့ ) ခရစ်တော်ရဲ့ စစ်သည်များလို့ နားလည်ရပါတယ်။ ဒါပေမယ့် ဒီအမည်ပြောင်ဟာ ခသ ၄၀ မှာ တကယ့်အဓိပ္ပါယ် ပြည့်ဝတဲ့အမည်နာမ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်ရောမအာဏာပိုင်တွေရဲ့ မျက်လုံးထဲမှာတော့ ဒီအမည် တံဆိပ်ကပ်ခံရသူကို သေမိန့် နဲ့ထိုက်တန်သူလို့ သတ်မှတ်လိုက်ကြတယ်။ခရစ်ယာန်ဆိုတဲ့ အမည်နာမကို ထာဝစဉ်တည်တံ့အောင် သွေးနဲ့ ထပ်ပြီး ကမ္ပည်း တင်ခဲ့သူကတော့ အန္တိအုတ်မြို့ အသင်းတော်ရဲ့ ဂိုဏ်းအုပ်ကြီး အက်(ဂ်)နေးရှပ် (Ignatius) ဖြစ်ပါတယ်။

ရောမအင်ပါယာ ဧကရာဇ်မင်း နီရိုးနောက် ဆက်ခံသူ ဒိုမီရှန်(Domitian) ဟာပိုပြီး ကြမ်းတမ်းခက်ထန်တဲ့ ဧကရာဇ်မင်းဖြစ်တယ်။ သူဟာ ကိုယ့်ကိုကိုယ် ဘုရားပါလို့ ကြွေးကြော်လိုက်ပြီး သူ့ ကိုကိုးကွယ်ကြဖို့ အမိန့်ထုတ်ပြန်လိုက်တယ်။သူ့ ဆီမှာနိုင်ငံရေးရည်ရွယ်ချက်တွေ အများကြီးရှိတယ်။

 

ရောမတွေက အင်ပါယာတ၀ှမ်းလုံးက လူမျိုးပေါင်းစုံကို လွပ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။သူတို့တွေကတော့ နိုင်ငံတော်ကိုသာ အထွပ်အထိပ်ထား ကြတယ်။သူတို့ အတွက်ဘာသာတရားဆိုတာ မျိုးချစ်စိတ်ရှိဖို့သာ ဖြစ်တယ်။ ဒီတော့ အင်ပါယာရဲ့အထွတ်အမြတ်ဧကရာဇ်မင်းဟာ ဘုရားဖြစ်လာခဲ့ရပါတယ်။အရင်လွန်လေပြီးသောဧကရာဇ်မင်းတွေနဲ့ လက်ရှိဧကရာဇ်မင်းရဲ့ရုပ်ထုတွေကို ထုလုပ်ထားပြီး ဘုရားအဖြစ် ရှိခိုးပူဇော်ဝတ်ပြုဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ဒီလိုဝတ်ပြုကိုးကွယ်မှသာ နိုင်ငံသားကောင်းပီသတယ်လို့သတ်မှတ်တယ်။ အဲဒီလို ၀တ်ပြုကိုးကွယ်ဖို့ တခြားနတ်ဘုရားတွေကို ကိုးကွယ်ကြတဲ့သူတွေအတွက် ဘာမှမခဲယဉ်းပေမယ့် တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ကြတဲ့ ဂျူးတွေနဲ့ခရစ်ယာန်တွေအတွက်ကတော့ အင်မတန်ခက်ခဲတဲ့ အခြေအနေကို ရောက်ခဲ့ရတယ်။

ဒီတော့ ဒီအမိန့်ကို မလိုက်နာတဲ့ ခရစ်ယာန်တွေကို ဒိဠိတွေအဖြစ် စွပ်စွဲပြီး တရကြမ်းညှင်းပန်းသတ်ဖြတ်ခဲ့တယ်။

ဒိုမီရှန်နောက်မှာတော့ သဘောထားပျော့ပြောင်းတဲ့ဧကရာဇ်မင်းတွေ ဆက်ခံခဲ့တယ်။အဲဒီအချိန်ကာလလေးအတောအတွင်းမှာ ခရစ်ယာန်တွေအပေါ် ညှင်းပန်းနှိပ်စက်အရေးယူမှုတွေ အတန်အသင့် အရှိန်ကြသွားတယ်လို့ ဆိုနိုင်တယ်။

ဒါပေမယ့် သိပ်ကကြာပါဘူး။ ထရာဂျန် (Trajan) နန်းတက်လာတယ်။သူလည်း ခရစ်ယာန်တွေအပေါ် ရန်လိုမျက်မုန်းကြိုးသူ ဖြစ်တယ်။

အဲ့ဒီအချိန်မှာ ခရစ်ယာန်တွေအပေါ် မဟုတ်မမှန်ထင်မြင်မှားစေတဲ့ ကောလဟာလအသံတွေ လျှံထွက်လာတယ်။အဲ့ဒီအသံတွေဟာ ဧကရာဇ်မင်းနားထဲရောက်သွားတယ်။ ခရစ်ယာန်တွေဟာ အခြေအနေအရ ၀တ်ပြုကိုးကွယ်နေရချိန် ဖြစ်တယ်။ဒီလိုဝတ်ပြုကိုးကွယ်ခြင်းမှာ သခင်ဘုရားရဲ့နောက်ဆုံးညစာဟာ အဓိကအခန်းက္ဌ အဖြစ်ပါဝင်တယ်။ အသွေးတော်တည်းဟူသော စပျစ်ရည်ကို ရည်မှတ်သောက်သုံးခြင်း၊အသားတော်တည်း ဟူသောမုန့် ကို ရည်မှတ်စားသောက်ခြင်းမင်္ဂလာဝတ်ဟာ အာဏာပိုင်တွေနဲ့တကွ ပြည်သူလူထုရဲ့ သံသယတွေကို ကြီးထွားစေခဲ့တယ်။ခရစ်ယာန်တွေကို လူ့ အသွေးနဲ့ အသားကိုစားသောက်ပြီး ဘာသာရေးဝတ်ကို ပြုနေကြသူတွေအဖြစ် မြင်နေကြတယ်။ဒါဟာကြီးမားတဲ့ ကြီးမားတဲ့ရာဇ၀တ်မှုဖြစ်တယ်လို့ ယူဆကြတယ်။ အင်ပါယာဘုရင်ကို ဘုရားအဖြစ်မကိုးကွယ်ခြင်းကို မျိုးချစ်စိတ်ကင်းမဲ့တယ်လို့ ယူဆကြပြီး လူထုရော၊အစိုးရကပါ အမုန်းပွားကြတယ်။ ခရစ်ယာန်တွေဟာ ချစ်ခြင်းမေတ္တာနဲ့လွှမ်းခြုံနေတဲ့ စားသောက်ပွဲ (Love Feast) ကို ကျင်းပလေ့ရှိပါတယ်။ဒီလိုစားသောက်နေစဉ်မှာ တဦးကိုတဦး သန့်စင်တဲ့အနမ်း (Holy Kiss) နဲ့ နမ်းပြီး မေတ္တာပြကြပါတယ်။ဒါကို လူထုက လိင်မှုကိစ္စ ဖောက်ပြန်နေကြတယ်လို့ အထင်မှားကြပါတယ်။တခါးပိတ်ဝတ်ပြုမှုရဲ့နောက်ကွယ်မှာ အန္တရယ်ပေးနိုင်တဲ့ ကြံစည်မှုတွေရှိနိုင်တယ်လိုလည်း မှန်းဆကြတယ်။

မမျှော်လင့်တဲ့ကပ်ဆိုးဘေးတွေ၊အနာရောဂါဘေးတွေ ကျရောက်လာတဲ့အခါ ခရစ်ယာန်တွေဟာ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေကို စိတ်ဆိုးစေတဲ့အတွက် ဒီဒဏ်တွေကျရောက်ရတယ်လို့ ယုံကြည်ပြီး အာဃာတတွေ ရှိလာကြတယ်။ကနဦးအသင်းတော်ရဲ့ ဖခင်ကြီးတာတူလီယန်ရဲ့ ဖော်ပြချက်အရဆိုရင် တိုင်ဘာမြစ်ရေလျှံတာဘဲဖြစ်ဖြစ်၊နိုင်းမြစ်ရေခမ်းခြောက်တာဘဲ ဖြစ်ဖြစ် လူထုရဲ့အမျက်ဟာ ခရစ်ယာန်တွေအပေါ်ကျရောက်လာပြီး အခုလိုသွေးရှုးသွေးတမ်းနဲ့ ဒေါသတကြီးအော်ဟစ်ခဲ့ကြပါတယ် "ခရစ်ယာန်တွေကို ခြင်္သေ့စာကြွေး "။ ဒီလိုအကြောင်းအချက်တွေကြောင့် ခရစ်ယာန်တွေကို စနစ်တကျ မျိုးဖြုတ်သုတ်သင်ပစ်ဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ အချိန်တိုတိုအတွင်းမှာ ဂရုပြုလောက်အောင် တိုးပွားလာတဲ့အရေအတွက်အပေါ် စိုးရိမ်ကြောင့်ကြမှုလည်း ပါမယ်။

ဒီတော့ ခရစ်ယာန်တွေကို ဖမ်းတယ်။ ဖမ်းမိရင် ခရစ်ယာန် ဟုတ်မဟုတ် (၃) ကြိမ်မေးမြန်းတယ်။ ခံရမယ့် ကြီးလေးတဲ့အပြစ်ဒဏ်ကိုလည်း ကြိုပြီးပြောပြထားတယ်။ (၃) ကြိမ်မြောက် မေးတဲ့အထိ ၀န်ခံသေးတယ်ဆိုရင် အင်မတန်ရက်စက်ပြင်းထန်တဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးစုံကို ခံစားရပြီးမှ အသေသတ်ခြင်းကို ခံရမှာဖြစ်ပါတယ်။ငြင်းပယ်လိုက်မယ်ဆိုရင် အင်ပါယာဧကရာဇ်ကို ဘုရားအဖြစ် ၀န်ခံပြီး သူရဲ့ရုပ်ထုကို ၀တ်ပြုကိုးကွယ်လိုက်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိမှာဖြစ်ပါတယ်။

သတ်ဖြတ်ညှင်းဆဲနည်းတွေကတော့ စုံလင်လှပါတယ်။ထက်မြက်ချွန်ရှတဲ့လက်နက်တွေနဲ့ လှီးဖြတ်ထိုးခုတ်တယ်။အရှင်လတ်လတ် မီးရှို့ သတ်တယ်။ ဒေါသထွက်ပြီး ဆာလောင်နေတဲ့ သားရဲတိရိစ္ဆာန်စာကျွှေးတယ်။ဒီလိုကမ်းကုန်အောင် ရက်စက်စွာ သတ်ဖြတ်နေမှုတွေကိုလည်း ပြည်သူလူထုက အရသာခံကြည့်ရှု့ ပြီး ကျေနပ်ပျော်ရွှင်မှုရကြတယ်။

ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ခရစ်ယာန်တွေဟာ ခရစ်တော်အပေါ်သစ္စာရှိပြီး အသေသတ်ခြင်းကို မချိမဆံ့ ခံယူခဲ့ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ အန္တိအုတ်မြို့ အသင်းတော်ရဲ့ဂိုဏ်းအုပ်ကြီး အက်(ဂ်)နေးရှပ်(စ်)ဟာ အာဏာပိုင်တွေရဲ့အဓိကပစ်မှတ် ဖြစ်လာခဲ့တယ်။ သူ့ ကို ခရစ်တော်ရဲ့ ရဲရဲတောက်သက်သေခံအဖြစ် နာမည်ကြီးနေခဲ့လို့  ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ငယ်ဘ၀နဲ့ပတ်သက်လို့ အများကြီး ပြောကြတယ်။ လက်ခံလောက်၊ ယံလောက်တဲ့အထောက်အထားတွေလည်း ရှိတယ်။ သူ့ ကို ဘာသာမဲ့မိဘနှစ်ပါးက မွေးဖွားခဲ့တယ်။မဿဲ ၁၈း၂ မှာ ဖော်ပြခဲ့တဲ့သခင်ယေရှုလက်တော်နဲ့ ခေါ်ဆောင်ခဲ့ပြီး ကောင်းချီးပေးခံခဲ့ရတဲ့သူငယ်လေးဟာ သူပါတဲ့။ဒါကြောင့်သူနှစ်ခြင်းမင်္ဂလာယူတဲ့အခါမှာ သီအိုဖိုးရပ်(စ်) (Theophorus) အမည်ရခဲ့တယ်။အဓိပ္ပါယ်ကတော့ ဘုရားသခင်ကိုသယ်ဆောင်ထားသူလို့ ဆိုပါတယ်။ဒါပေမယ့် သေချာတာကတော့ သူဟာတချိန်က ချစ်တပည့်တော် ရှင်ယောဟန်ရဲ့တပည့်သာဝကကြီးဖြစ်ခဲ့ပြီး၊အန္တိအုတ် အသင်းတော်ရဲ့ ဂိုဏ်းအုပ်ကြီးအဖြစ် ရှင်ပေတရုက သိက္ခာတင် မင်္ဂလာပေးခြင်းခံခဲ့ရတာပါပဲ။

သူဟာ အန္တိအုတ်အသင်းတော်ရဲ့ဂိုဏ်းအုပ်ကြီးအဖြစ် အနှစ် (၄၀) လောက်ကြာအောင် ဆက်ကပ်ခဲ့ပါတယ်။ သူ့ ဘ၀ရဲ့ နောက်ဆုံးအချိန်တိုကာလအတွင်းမှာရေးခဲ့တဲ့ ပေးစာ (ရ) စောင်ပေါ်အခြေခံပြီး သူ့ ရဲ့အသက်တာ အသေးစိတ်ကို နှောင်းလူတွေက ခြယ်မှုန်းခဲ့ကြတယ်။ ဒီစာတွေဟာ သူ့ ကို အသေသတ်ဖို့  ရည်ရွယ်ချက်နဲ့ ရောမကြို့ ဆီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းခရီးတစ်လျှောက်မှာ ရေးခဲ့တာပါ။

ရောမမြို့ ကိုခေါ်မသွားခင် သူ့ ကို အန္တိအုတ်မြို့ မှာ ထိန်းသိမ်းထားခဲ့တယ်။အဲ့ဒီအချိန်မှာ အင်ပါယာ ဧကရာဇ်မင်း ထရာဂျန်ဟာ အန္တိအုတ်မြို့ ကို အလည်လာချိန် ဖြစ်တယ်။ဒီတော့ အဂ်နေးရှပ်(စ်) က သူ့ ကို အင်ပါယာဧကရာဇ်မင်းရှေ့ ခေါ်ဆောင်သွားပြီး တရားစီရင်စေဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်။ အသနားခံလိုတဲ့ ဆန္ဒကြောင့် မဟုတ်ပဲ သူရဲ့ယုံကြည်ချက်ကို သက်သေထူဖို့ ဆိုတာကိုတော့ သံသယရှိစရာလိုမယ်မထင်ပါဘူး။

ဧကရာဇ်မင်းရှေ့ ရောက်တဲ့အခါမှာ ဧကရာဇ်ကသူ့ ကိုမေးခွန်းထုတ်လိုက်တယ်။

" မင်းဟာ ဆိုးဝါးတဲ့အယူဝါဒတွေနဲ့  လူတွေကိုစည်းရုံးပြီး ငါ့ရဲ့ အမိန့်ကိုဖီဆန်ဖို့ တိုက်တွန်းနေတယ်လို့သိရတယ်၊ မင်းဘယ်သူလဲ"

" ခရစ်တော်ကို နှလုံးသားထဲမှာ နေရာပေးထားတဲ့ သီအိုဖိုးရပ်(စ်) ပါ။"

" မင်းဆိုလိုသူက ပုန္တိပိလတ် သတ်ဖြတ်ခဲ့တဲ့သူလား"

" ဟုတ်ပါတယ်၊ ကျွန်တော်ဆိုလိုတဲ့ ခရစ်တော်ဆိုသူဟာ ကျွန်တော်တို့ အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တဲ့သူဖြစ်တယ်"

အဲ့ဒီအချိန်မှာ ကမ္ဘာလို့ ခေါ်ဆိုနိုင်တဲ့ ရောမအင်ပါယာရဲ့ဧကရာဇ်ရှေ့ မှောက်မှာ အဂ်နေးရှပ်(စ်)ဟာ သူယုံကြည်တဲ့ခရစ်တော်အကြောင်းကို ရဲရဲတောက်သက်သေခံခွင့်ရခဲ့တယ်။ သက်သေထူချက်အဆုံးမှာတော့ အင်ပါယာဧကရာဇ်ရဲ့ အမိန့် သံထွက်ပေါ်လာပါတယ်။

" သူ့ ကို အခုချက်ချင်း ရောမမြို့ ကို သံကြိုးနဲ့တုပ်နှောင်ခေါ်သွားပြီး ခြင်္သေ့စာကျွေးပစ်လိုက်"

အဂ်နေးရှပ်(စ်) ဟာဘုရားဆီမျှော်ကြည့်ရင်း အခုလိုဆုတောင်းခဲ့ပြီး သူ့ ရဲ့အသက်ခန္ဒာကို ဘုရားထံအပ်နှံခဲ့တယ်။

" အရှင်ဘုရားဟာ ကျွန်တော်မျိုးကို တမန်တော်ရှင်ပေါလုကဲ့သို့ ဂုဏ်ပြုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်"။ တမန်တော်ကြီး ရှင်ပေါလုဟာလည်း ရောမမြို့ မှာခေါင်းဖြတ်အကွပ်အမျက်ခံခဲ့ရတယ်မဟုတ်လား။

အဂ်နေးရှပ်(စ်) ကို ရောမမြို့ ဆီခေါ်ဆောင်သွားဖို့ အမိန့်ချမှတ်ရခြင်းဟာ ရက်စက်တဲ့ညှင်းဆဲမှုမျိုးစုံကိုခံစားစေပြီးမှ အဆုံးစီရင်ဖို့ ဖြစ်ပါတယ်။ဒါပေမယ့် ဒီဖြစ်ရပ်တွေဟာ သူ့ ကိုပိုပြီး လူသိများသွားစေဖို့ အကြောင်း ဖြစ်ခဲ့ရပါတယ်။

တခြားအကျဉ်းသား (၂) ဦးနဲ့အတူ သူ့ ကိုတုပ်နှောင်ပြီး ကုန်းကြောင်းခရီးနဲ့ ရောမမြို့ ကိုခေါ်ဆောင်သွားခဲ့တယ်။ သူ့ ကိုစောင့်ကြပ်ခေါ်ဆောင်သွားတဲ့ ရောမစစ်သား (၁၀) ဦး ရှိပါတယ်။မာတုရတို့ ရဲ့လမ်းစဉ်ကိုလိုက်ဖို့ အတွက်သွားရတဲ့ခရီးလမ်းဟာ ရှည်လျားလွန်းလှတယ်။

အေးရှားမိုင်းနား (Asia Minor) မြောက်ပိုင်းလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ဖီလာဒဲလ်ဖီးယားမြို့  (Philadelphia) ၊ စမုရနမြို့ (Smyrna) တွေကိုဖြတ်ပြီး တီရော့(စ်) (Troas) အထိ ခရီးဆက်ခဲ့ရတယ်။လမ်းမှာ ခရီးတစ်ထောက်နားစခန်းတွေ အများကြီးရှိတယ်။စမုရနမြို့ မှာ တစ်ထောက်နားနေချိန်မှာတော့ သူ့ ရဲမိတ်ဆွေကြီး ပိုလီကပ်နဲ့ တွေ့ ဆုံခွင့်ရခဲ့တယ်။

လမ်းခရီးတစ်လျှောက်မှာ စာ(၇)စောင်ကို အမြန်ရေးချိန်ရခဲ့တယ်။ အသင်းတော်တွေမှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေကို သင်းအုပ်တစ်ပါးအနေနဲ့စိတ်ပူပြီးရေးတာပါ။ ဒီစာတွေဟာ မီးပွင့်မီးပွားတွေလိုပဲ သမ္မာကျမ်းရဲ့မှန်ကန်မှုကို ပြိုးပြိုးပြက်ပြက်ဖြစ်စေခဲ့တယ်။

စာ(၅)စောင်ကတော့ အေးရှားမိုင်းနားမှာရှိတဲ့ အသင်းတော်တွေဆီ လိပ်မူတပ်ပြီးရေးတာပါ။ ဒီစာတွေကို သူ့ ဆီလာတွေ့ တဲ့ခရစ်ယာန်တွေက ဆောင်ကြဉ်းပို့ ဆောင်ပေးခဲ့တယ်။ (၁) စောင်ကတော့ ရောမအသင်းတော်ဆီရေး တဲ့စာပါ။ ကျန် (၁) စောင်ကတော့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ပိုလီကပ်ဆီရေးတဲ့စာပါ။

စာတွေထဲမှာ သူ့ ရဲ့ဆက်ကပ်ခဲ့တဲ့အသက်တာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာအပေါ်ယုံကြည်ချက်တွေကို ဖော်ပြထားပါတယ်။ လက်ရှိအသင်းတော်အတွင်းမှာ ဖြစ်ပေါ်လာတဲ့အန္တရယ်တွေကို ယုံကြည်ချက်တွေနဲ့ရှင်းထုတ်ပြစ်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။

သူဟာ ဓမ္မဟောင်းနဲ့ခရစ်ဝင်ကျမ်းတွေအပေါ် အခြေတည်ပြီးသူ့ ရဲ့ယုံကြည်ချက်ကို ရှင်းလင်းသွန်သင်ခဲ့တယ်။ရှင်ပေါလုရဲ့ ရေးသားချက်တွေအပေါ်မှာလည်း သူက အကောက်အယူပြုခဲ့တယ်။

ဒီစာတွေကို အရေးပေါ်ရေးဖို့ ဖန်လာရတဲ့ အကြောင်းရင်းတွေကတော့ မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့ အသင်းသားတွေရဲံ ယုံကြည်ချက်တွေကို တိမ်းချော်မှောက်လှန်သွားစေမယ့် အုပ်စု (၂) စုရဲ့အားထုတ်မှူကို ချေပဖို့ ဖြစ်ပါတယ်။

အုပ်စုတစ်စုကတော့ ဂျုးခရစ်ယာန်ဝါဒီတွေ (Judaisers) ဖြစ်ပါတယ်။သူတို့ ကဂျုးတွေရဲ့ထုံးတမ်းဓလေ့တွေကို ဆက်ပြီးထိန်းသိမ်းကျင့်သုံးသွားဖို့ သွန်သင်တယ်။ ဥပမာ အရေပြားလှီးခြင်းနဲ့ စားသောက်မှုနဲ့ဆိုင်သော ပညတ်များကို ထိန်းသိမ်းဖို့ဖြစ်တယ်။ဒီဓလေ့ ထုံးတမ်းတွေကို စောင့်ရှောက်နိုင်မှသာ ကယ်တင်ခြင်းရနိုင်မယ်လို့ သူတို့ ကသွန်သင်ကြတယ်။ အသင်းသားတချို့ နားယောင်ကြတယ်။

နောက်အုပ်စုတစ်ခုကတော့ ဒိုဆက်တစ်တွေ(Docestists)ဖြစ်တယ်။ ဂရိဝေါဟာရ dokein က လာပါတယ်။ ထင်မြင်သူ လို့ အဓိပ္ပါယ်ရပါတယ်။ သူတို့ က ခရစ်တော်ရဲ့လူ့ ဇာတိအဖြစ် အသွေးအသားခံယူမှုကို ငြင်းပယ်တယ်။ သူ့ ကိုလူသားတစ်ဦးအဖြစ်ပဲ သတ်မှတ်တယ်။ ခရစ်တော်ကားတိုင်ထက်မှာ ဝေဒနာခံစားရခြင်း၊ ထမြောက်ခြင်းဟာ အစစ်အမှန်မဟုတ်၊ ထင်ယောင်ထင်မှားခြင်းသာ ဖြစ်တယ်လို့ ဒိုဆက်တစ်(စ်)တွေက သွန်သင်တယ်။ ဒီသွန်သင်ချက်တွေဟာ ထိတ်လန့် ချောက်ချားဖွယ်ကောင်းလောက် အန္တရယ်ကြီးကြောင်း သဘောပေါက်ခဲ့တဲ့ အဂ်နေးရှပ်(စ်) က အခုလို ချက်ချင်းတုံ့ ပြန်ခဲ့တယ်။

" သခင်ယေရှူ့ ခရစ်တော်ဟာ တကယ်ဒုက္ခဝေဒနာခံစားခဲ့ရတယ်။တကယ်အသက်စွန့် ခဲ့တယ်။ တကယ်သူ့ ကိုယ်သူထမြောက်စေခဲ့တယ်။ သူ့ ရဲ့နာကျင်ခြင်းဝေဒနာဟာ ထင်ယောင်ထင်မှားစေတဲ့ ပုံရိပ်မဟုတ်၊ အမှန်တကယ် ဖြစ်ခဲ့တယ်။"

အယူလွဲသူတွေရဲ့ သွန်သင်ချက်တွေကို ကြံ့ကြံ့ခံဖို့ အတွက် အရေးတကြီး လိုအပ်တဲ့ အသင်းတော်အတွင်းစည်းလုံးမှုနဲ့ ခရစ်ယာန်တွေဟာ ဂိုဏ်းအုပ်တွေအပေါ်မှာ အရာရာနာခံမှုရှိဖို့ ကို အဂ်နေးရှပ်(စ်)က အလေးအနက်ထားပြီး သွန်သင်လိုက်တယ်။

တချို့ ယုံကြည်သူတွေဟာ ဓမ္မမင်္ဂလာဝတ်တွေကို ကိုယ့်ဘာသာကိုယ် စီရင်ကျင်းပကြတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက် အခွင့်အာဏာနဲ့ စီရင်သောမင်္ဂလာဝတ်များသာ တရားဝင်ကြောင်း အဂ်နေးရှပ်(စ်) က ဧဖက်အသင်းတော်ကိုရေးတဲ့စာထဲမှာ ဖော်ပြခဲ့တယ်။ ဒီစာရဲ့ ရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာကို မှန်ကန်စွာ ခံယူကျင့်သုံးဖို့ နဲ့ ဒေသန္တရ အသင်းတော်တွေမှာ ဂိုဏ်းအုပ်တွေရဲ့အခန်းက္ဌကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ သူကတော့ မာတုရအဖြစ် အသက်စွန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲ့ဆောင်ပုဒ်ကတော့ " ဓါးနဲ့နီးလာလေ ..... ဘုရားနဲ့နီးလာလေ..." ဖြစ်ပါတယ်။ ဒီခံယူချက်တွေနဲ့သူဟာ သေခြင်းကိုရင်ဆိုင်ခဲ့တယ်။ ရောမအသင်းတော်ကို ရေးသားတဲ့စာထဲမှာ သူဟာခရစ်တော်အတွက် အသက်စွန့် ဖို့ ဆန္ဒရှိတဲ့အတွက် သူရဲ့ကိုယ်စားကြားဝင်ပြီး စေ့စပ်ညှိနှိုင်းပြီးမလုပ်ကြဖို့ တောင်းပန်ခဲ့တယ်။

သားရဲအရိုင်းအစိုင်းကောင်တွေရဲ့ သွားကြားမှာ တစ်စစီဖြစ်ရမယ့် သူရဲ့ကိုယ်ခန္တာဟာ သန့် စင်သောပူဇော်ရာမုန့် အဖြစ်သို့ ကူးပြောင်းခြင်းသို့ သူခံယူကြောင်းလည်း ရေးသားခဲ့ပါတယ်။

နောက်ဆုံးသူဟာ တီးရော့(စ်) မြို့ ကတစ်ဆင့် ရောမမြို့ တော်ကြီးကိုရောက်ရှိခဲ့တယ်။ သူ့ ကိုဒယ်အိုးပုံသဏ္ဌာန်ဆောက်လုပ်ထားတဲ့ ဖျော်ဖြေရေးကွင်းအတွင်း ခေါ်ဆောင်သွားကြတယ်။ ဒီဖျော်ဖြေရေးကွင်းကြီးကို လူလူချင်း ထိုးခုတ်သတ်ဖြတ်တာ၊ တိရိစ္ဆာန်နဲ့လူ သွေးသံရဲရဲ သတ်ကြတာ၊တိရိစ္ဆာန်အချင်းချင်း အသေအကြေကိုက်ဖြတ်ကြတာကို ပြည်သူလူထုက အရသာခံကြည့်ရှု့ ဖို့ ရည်ရွယ်ချက်နဲ့အင်ပါယာ ဧကရာဇ်မင်း တိုင်းတပ် (စ်) လက်ထက်မှာ ဆောက်လုပ်ခဲ့တာပါ။ ၀ိုင်းရံထားတဲ့ ပွဲကြည့်စင် (၃) ခုရှိပြီး လူ ငါးသောင်း ကြည့်ရှူ နိုင်ဖို့ ပြင်ဆင်ထားပါတယ်။

မျက်မြင်သက်သေတွေရဲ့အဆိုအရ အ၈်နေးရှပ်(စ်)ကို ကျာပွတ်နဲ့ရိုက်ကြတယ်။ နာကျင်မှုဝေဒနာကို အထွတ်အထိပ်ရောက်အောင် အပူပေးထားတဲ့သံညှပ်တွေနဲ့ ဆွဲခွာကြတယ်။ နောက်ဆုံးမှာတော့ သွေးဆာနေတဲ့ ခြင်င်္သေ့တွေရဲ့ အစွယ်တွေကြားမှာ သူရဲ့ခန္တာကိုယ်ဟာ တစစီဖြစ်သွားတယ်။ ကြွင်းကျန်ခဲ့တဲ့ သူခန္တာအပိုင်းအစတွေကို ခရစ်ယာန်တွေက ကောက်ယူပြီး အန္တိအုတ်မြို့ မှာ မြှုပ်နှံခဲ့တယ်။ သူမာတုရ အဖြစ်သို့ ကူးပြောင်းတဲ့နေ့ဟာ ခသ ၁၁၀ နဲ့ ၁၁၇ နှစ်များအတွင်းက ဒီဇင်ဘာလ (၁၉) ဖြစ်တယ်လို့ သမိုင်းသုတေသီတွေက ဆိုကြတယ်။

သူရဲ့အကြောင်းကို သိလိုက်ရပြီး အချိန်မှာတော့ နေမင်းတစ်စင်းဟာ အရှိန်ပြင်းပြင်းနဲ့ ထွန်းလင်းနေတာ မြင်လိုက်ရပါတယ်။ ဘယ်သောအခါကမှ မ၀င်ခဲ့တဲ့ နေတစ်စင်းအဖြစ်နဲ့ပါ။ မာတုရ အဂ်နေးရှပ်(စ်) တည်းဟူသော နေမင်းရဲ့ အလင်းရောင်ကြောင့် အသင်းတော်ဟာ ယနေ့ ထက်ထိတိုင် မှန်ကန်စွာရှင်သန်နေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါ။

နေမ၀င်ခဲ့သော မဟာလူသားများမှကောက်နုတ်ချက်။
ဝိညာဉ်သစ်မဂ္ဂဇင်း