ကြယ်ကလေးများမှတဆင့် အံ့သြဖွယ်ရာစတြာဝဠာ

မုရန်

ကျွန်ုပ်ငယ်စဉ်ကပင် ရာသီဥတုသာယာသော ညအခါတွင် ကောင်းကင်ကြီးကို ငေးမော ကြည့်လေ့ရှိပါသည်။ ကောင်းကင်ပြင်တွင် လွန်စွာများပြားသော ၊ အရွယ်အစားနှင့် အရောင် တောက်ပမှုမတူညီသော ကြယ်များကို ရှာဖွေကြည့်ရှုရသည်မှာ စိတ်ငြိမ်သက်သာယာမှုကို လည်းကောင်း ၊ အေးချမ်းမှုကိုလည်းကောင်း ၊ ကြည်နူးမှုကိုလည်းကောင်း ဖြစ်ပေါ်စေသော ကြောင့် မကြာခဏ ငေးမိခြင်းဖြစ်ပါသည်။ ထို့ပြင် Sunday School တွင် သခင်ယေရှု ဖွားမြင် တော်မူခြင်းအကြောင်း သင်ရသောအခါ ထိုအချိန်က ကောင်းကင်တွင် ထူးဆန်းသော ကြယ်ကြီးပေါ်ထွန်းလာပြီး ၊ ထိုကြယ်ကြီး၏ လမ်းပြမှုဖြင့် ပညာရှိကြီးများ သခင်ယေရှုကိုရှာဖွေ တွေ့ရှိကာ ဖူးမြင်နိုင်ခဲ့ကြောင်းသိရသောအခါ ထိုကြယ်မျိုးကို ကိုယ်တိုင်တွေ့မြင်ချင်သော စိတ်ကူးနှင့် ဆန္ဒကလည်း အစဉ်စိုးမိုးနေပြန်ပါသည်။ ထို့ပြင် ကောင်းကင်ကြီးနှင့် ကြယ်များ ကို ကြည့်ရင်းနှင့် ထိုကြယ်များ၏ နောက်ဘက်ကို ကျော်လွန်ပြီး မှန်းဆ ကြည့်မိတတ်ပါသည်။ ထိုကြယ်ပေါင်း မြောက်များစွာ၏ နောက်တွင် ကျွန်ုပ်တို့မမြင်တွေ့နိုင်သော မည်မျှများပြား သည့် ဂြိုလ်နှင့်ကြယ်များ ထပ်၍ ရှိနေပါသနည်းဟူ၍လည်း မေးခွန်းထုတ်မိတတ်ပါသည်။ ထို့ပြင် ကောင်းကင်ကြီးနှင့် ကြယ်များကို ငေးမောကြည့်ရှုနေရင်းဖြင့် ထိုကောင်းကင်ကြီးမှာ ကျွန်ုပ်တို့နှင့် တဖြည်းဖြည်းနီးကပ်လာသည်ဟု ခံစားလာမိသလို ဘုရားသခင်သည်လည်း ကျွန်ုပ်အနီးသို့ တရွေ့ရွေ့ရောက်လာသည်ဟု ခံစားလာရပါသည်။ ဘုရားသခင်သည် ကျွန်ုပ်၏ အနီး၌ ရှိနေကြောင်း ခံစားရခြင်းကြောင့် ကောင်းကင်ကို မကြာခဏ ကြည့်ဖြစ်ပါ တော့သည်။

ပုံ(၁) ။ ။ ကြယ်အစုအဝေး

ငယ်စဉ်မှစ၍ ကြယ်နှင့်ပတ်သက်ပြီး ထိုခံစားချက်ရှိသောကြောင့် ကြယ်အကြောင်းကို သိလို၍ စာအုပ်များ ရှာဖွေဖတ်ရှုပါတော့သည်။ ကြယ်အကြောင်းဖတ်ရင်း ဂြိုလ်များ အကြောင်းပါ လေ့လာဖြစ်ပါတော့သည်။ ထိုအခါ ကြယ်နှင့်ဂြိုလ်၏ ခြားနားချက်ကိုလည်း သိရှိ လာရပါတော့သည်။

ဂြိုလ်များသည် တစ်နေရာထဲတွင် ရပ်တည်နေခြင်းမဟုတ်ဘဲ နေကိုဗဟိုပြု၍ အစဉ် လှည့်ပတ်သွားလာတတ်ပါသည်။ ဂြိုလ်ကြီး (၉)လုံးရှိသည်ဟု သိပ္ပံပညာရှင်များက သတ်မှတ် ဖော်ထုတ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၀၆ခုနှစ် ၊ သြဂုတ်လက ပလူတိုဂြိုလ်၏ အရန်ဂြိုလ်ကို ထပ်မံ တွေ့ရှိပြန်သဖြင့် စကြာဝဠာအတွင်း ဂြိုလ်ကြီး (၉)လုံးရှိသည်ဟူသော အဆိုမှာ ပျက်ပြယ်သွားခဲ့ပြီဖြစ်သော်လည်း တရားဝင်ပြဌာန်းစာအုပ်မထွက်ရှိသေး၍ ယခုဂြိုလ်ကြီး (၉)လုံး အကြောင်း အရင်ရှင်းပြမည်ဖြစ်ပါသည်။

ဗုဒ္ဓဟူးဂြိုလ်သည် နေကို (၈၈)ရက်လျှင်တစ်ပတ် ၊ သောကြာဂြိုလ်သည် (၂၄၃)ရက်လျှင်တစ်ပတ် ၊ ကမ္ဘာသည် (၃၆၅.၂၆)ရက်လျှင် တစ်ပတ် ၊ အင်္ဂါဂြိုလ်သည် (၆၈၇)ရက်လျှင် တစ်ပတ်၊ ကြာသပတေးဂြိုလ်သည် (၁၁)နှစ် နှင့် (၁၄၃)ရက်လျှင် တစ်ပတ်၊ စနေဂြိုလ်သည် (၈၄)နှစ် (၁၄၆)ရက်လျှင် တစ်ပတ်ကျစီ နေကို ၄င်းတို့၏ နေပတ်လမ်းကြောင်းများမှ လက်ဝဲရစ် လှည့်ပတ်လျက်ရှိပါသည်။ ထို့ကြောင့် ဂြိုလ်များကို ဂရိ ဘာသာစကားအားဖြင့် ”လှည့်ပတ်သွားလာသူ” ဟု အဓိပ္ပာယ်ရသော ”Planet” ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဂြိုလ်များသည် နေ၏ အလင်းရောင်ကြောင့် ကြယ်များအသွင် တောက်နေကြ ပါသည်။ ကိုယ်ပိုင် အလင်းရောင်မရှိပါ။

ကြယ်များမှာ အမှန်တစ်ကယ်တွင် တစ်နေရာထဲတွင် တည်ငြိမ်စွာရှိနေသည်ဟု ထင်ရ သော်လည်း ၄င်းတို့မှာ အရပ်မျက်နှာတစ်ဖက်စီကို အရှိန်အဟုန်ပြင်စွာ ပြေးလွှာနေကြပါ သည်။ သို့ရာတွင် ကြယ်များသည် ကျွန်ုပ်တို့နှင့် အလွန်ဝေးကွာနေသောကြောင့် ထိုသို့ လှုပ်ရှားပြေးလွှားနေသည်ကို မသိသာခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း သောင်းသိန်းသန်း ကြာမှသာ အနည်းငယ်နေရာပြောင်းသည်ကို သိနိုင်သောကြောင့် ကြယ်ဆိုသည်မှာ ရွေ့လျားခြင်းမရှိ ၊ တစ်နေရာထဲတွင်ရှိသည်ဟု မှတ်ယူကြပြီး ၊ ဂြိုလ်ဆိုသည်မှာ ရွေ့လျားနေသော ကြယ်အသွင်ရုပ်ဝတ္တုဟု မှတ်ယူကြပါသည်။ ထို့ကြောင့် တစ်နေရာထဲတွင် ရပ်တည်နေပါက ကြယ်ဟုလည်းကောင်း ၊ နေရာရွှေ့ပြောင်းနေပါက ဂြိုလ်ဟုလည်းကောင်း ခွဲခြား သိနိုင်ပါသည်။

ထို့ပြင် ကြယ်သည် မှိတ်တုတ်မှိတ်တုတ်ဖြင့် မျက်တောင်ခတ်ပါသည်။ ဂြိုလ်များမှာမူ တောက်ပသော အလင်းရောင်ရှိပြီး ၊ အရောင်တည်ငြိမ်ပါသည်။ မျက်တောင်မခတ်ခြင်းမှာ ဂြိုလ်များတွင် ကိုယ်ပိုင်အလင်းရောင်မရှိဘဲ နေ၏ အလင်းရောင် ရောင်ပြန်ဟပ်မှုသာ ရှိသော ကြောင့်ဖြစ်ပါသည်။ ကြယ်များသည် စင်စစ် … နေများပင်ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင် ၊ ဟီလီယံ ဓာတ်များဖြင့် မီးလောင်နေပြီး ၊ မီးတောက်မှ အလင်းရောင်များ ဖြာထွက်နေခြင်းပင် ဖြစ်သည်။ သို့ရာတွင် အလွန်ဝေးကွာနေသော နေရာတွင် ရှိနေခြင်း ၊ ကမ္ဘာ့လေထုနှင်းမြူမှုန်တို့ တားဆီးနေခြင်းတို့ကြောင့် အလင်းရောင်ကို မှိတ်တုတ်မှိတ်တုတ်သာ မြင်ရခြင်း ဖြစ်ပါသည်။

ကြယ်များကို “လမ်းပြသူ” အဖြစ် ခိုင်းနှိုင်းကြပါသည်။ ထို့ကြောင့် ၄င်းတို့ကို ”လမ်းပြကြယ်” အဖြစ် တင်စားခေါ်ကြပါသည်။ ကြယ်များကိုရှာဖွေပြီး ၊ မိမိလိုရာအရပ်ဖြစ် သည့် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ခွဲခြားရှာဖွေလို့ရပါသည်။

မြောက်အရပ်ကို သိလိုလျှင် ဓူဝံကြယ်ကိုရှာကြစမြဲဖြစ်ပါသည်။ ထိုကြယ်သည် မြောက်ဝင်ရိုးစွန်းပေါ်၌ တည်ရှိနေသောကြောင့် ၀င်သည်ဟူ၍မရှိ ၊ အစဉ်သဖြင့် မူလနေရာ တွင်ပင် တည်ရှိနေသောကြောင့် ဓူဝံကြယ်ရှိရာအရပ်သည် မြောက်ရပ်ဖြစ်ပြီး ၊ ဓူဝံကြယ်နှင့် ဆန့်ကျင်ဘက်အရပ်သည် တောင်အရပ်ဖြစ်ပါသည်။ ဓူဝံကြယ်ကို မျက်နှာမူလျက် လက်နှစ်ဖက်ဆန့်တန်းလိုက်ပါက လက်ယာဘက်သည် အရှေ့အရပ် ၊ လက်ဝဲဘက်သည် အနောက်အရပ် ၊ ကျောဘက်သည် တောင်အရပ် ဖြစ်ပါသည်။

ကြယ်များသည် မိမိတို့လိုရာအရပ်ကို ရှာဖွေရန် လမ်းပြပေးသည့် ”လမ်းပြကြယ်များ” ဖြစ်သည့်အပြင် အချိန်ကိုပါ ညွှန်ပြပေးသော ”အချိန်ပြကြယ်” များလည်း ဖြစ်နေပြန်သည်။

နေ၀င်ပြီး စတင်ထွက်ပေါ်လာသော ကြယ်တစ်လုံးလုံး၏ အနေအထားကိုကြည့်၍ သိနိုင် ပါသည်။ နေ၀င်စတွင် အရှေ့မိုးကုပ်စက်ဝိုင်းမှ ထွက်လာသည့် ကြယ်သည် မိမိ၏ ဦးခေါင်းထိပ်တည့်တည့်သို့ ရောက်လျှင် ညသန်းခေါင် (၁၂)နာရီဖြစ်၍ ထိုကြယ်သည် အရှေ့ မိုးကုပ်စက်ဝိုင်းနှင့် ဦးခေါင်းထိပ်ကြား အလည်တည့်တည့်တွင်ရှိလျှင် ည ( ၉ )နာရီဖြစ်ကာ ဦးခေါင်းထိပ်နှင့် အနောက်မိုးကုပ်စက်ဝိုင်းကြား အလယ်နေရာတွင် ရောက်လျှင် နံနက် ( ၃ ) နာရီဟု သိနိုင်ပါသည်။

အလွန်ကြီးမားထူခြား၍ အလင်းရောင်လက်သော ကြယ်ကြီးများသည် နှစ်ပေါင်းများစွာ ကြာမှ တစ်ခါပေါ်တတ်ပါသည်။ ကြယ်တံခွန်များဟု ခေါ်ပါသည်။ ဟေလီကြယ်တံခွန်ကြီး ပေါ်ထွန်းခဲ့ဖူးပါသည်။

ကျွန်ုပ်တို့နှင့်အနီးဆုံးကြယ်ကို ဖော်ပြပါဆိုလျှင် နေမင်းကြီးကိုသာ ဖော်ပြရပါမည်။ သာမန်မျက်စိနှင့် ကောင်းကင်ကိုကြည့်ပြီး ကြယ်များကို ရေတွက်လျှင် ကြယ်အလုံးပေါင်း (၇၀၀၀)ခန့် ရေတွက်နိုင်သည်ဟု ဆိုပါသည်။ သို့ရာတွင် ကျွန်ုပ်ငယ်စဉ်က ရေတွက်ကြည့်ရာ ၌ (၁၀၀၀)မပြည့်ခင်မှာပင် ကြယ်များ ရောကုန်ပါတော့သည်။ အလွန်အားကောင်းသော အာကာသကြည့်အဏုကြည့်မှန်ပြောင်းနှင့် ပညာရှင်များ ရှာဖွေတွေ့ရှိ၍ အမည်နာမ ပေးပြီးသော ကြယ်ပေါင်းမှာ ယခုအခါတွင် (၁၀)သန်းမက သန်းထောင်ချီရှိသည်ဟု ဆိုပါသည်။

ကြယ်တစ်လုံးစီသည် ၄င်းတို့၏ ကိုယ်ပိုင်ပုံသဏ္ဍာန်နှင့် ကိုယ်ပိုင်အလင်းရောင် ဖြာသည့် အလင်းဖြာကွက်များရှိသောကြောင့် ကြယ်တစ်လုံးနှင့် တစ်လုံးမတူဘဲ သီးခြားဂုဏ်ပုဒ်နှင့် နာမည်တစ်ခုစီပေးထားရခြင်း ဖြစ်ပါသည်။ ကြယ်များကိုမျိုးခွဲရာတွင် ၄င်းတို့၏ သီးခြားပုံသဏ္ဍာန်ကို ရေးမှတ်ထားရသည့်အပြင် အလင်းဖြာကွက်ကိုလည်း standard graph နှင့် တိုင်းတာတွက်ချက်ရပါသည်။ ၄င်း graph ပုံကို Hertzprung Russel diagram ဟုခေါ်ပါသည်။

ပုံ(၂)။ ။ Hertzprung Russel diagram

ကြယ်တစ်လုံးစီ၏ အလင်းဖြာကွက်သည် ထိုကြယ်၏ ပတ်လည်တွင် ဖြာထွက်လျက်ရှိ ပါသည်။ (လထီးဆောင်းသကဲ့သို့ ရှိပါသည်) ထိုအကွက်၏ အလင်းရောင်တောက်ပမှု ၊ မှေးမှိန်မှုအားသည်လည်း ကြယ်တစ်လုံးနှင့်တစ်လုံး မတူကြပေ။ မှေးမှိန်မူအားသည်လည်း ကြယ်တစ်လုံးနှင့်တစ်လုံး မတူကြပေ။ ထိုအလင်းရောင်တောက်ပမှုအား အနည်းအများသည် လည်း ကြယ်အမျိုးအစားခွဲရာတွင် ပါဝင်သည့် လက္ခဏာတစ်ရပ် ဖြစ်ပါသည်။

ကြယ်များစတင်ဖြစ်ပေါ်လာပုံကို ပညာရှင်များကို ဤသို့ဖွင့်ဆိုကြပါသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၀၀၀၀)က ကနဦးအက်တမ်များ ပေါက်ကွဲပြီးလျှင် ၄င်းတို့မှ တဆင့် မော်လီကျူးများ ၊ ကြယ်များ ၊ ဂလက်ဇီများ ၊ ဂြိုလ်တုများအဖြစ် တဖြည်းဖြည်းချင်း အဆင့်ဆင့် ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။

ယခု ၂၀၀၆ခု ၊ သြဂုတ်လတွင် စကြာဝဠာအတွင်း၌ ရှေးအကျဆုံးဟု ယူဆရသော ကြာ်တရာများကို ထပ်မံတွေ့ရှိပြန်သည်ဟု ဗြိတိန် ၊ ကိုလံဘီယာ နှင့် ကနေဒါ နိုငင်ံများမှ ပညာရှင်များအဖွဲ့က ထုတ်ပြန်ကြေညာပါသည်။

၎င်းတို့တွေ့ရသောကြောင့် ကြယ်တရာများသည် ကြီးမားသော ကြယ်စင်အစုအဝေး တစ်ခုသဖွယ် စုစည်းဖြစ်တည်နေခြင်းမရှိသလို ၊ အရောင်တောက်ပခြင်းလည်း မရှိကြကြောင်း၊ ထိုကြယ်တာရာများသည် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာကတည်းက ဖြစ်တည် ခဲ့သော ကြယ်တရာများဖြစ်ကြောင်း၊ ထိုကြယ်တာရာများအရွယ်အစားမှာ လက်ရှိအာကာသ ၌ ထွန်းလင်းတောက်ပနေသော ကြယ်တာရာများ၏ အရွယ်အစားမျှရှိကြောင်း ၊ အလင်းရောင်တောက်ပမှုမှာ လွန်စွာအားနည်းကာ မှေးမှိန်လျက်ရှိပြီဖြစ်ကြောင်း ၊ ယခုကဲ့သို့ မြင်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၊ မည်သည့်အတွက်ကြောင့် အလင်းရောင်တောက်ပမှု မှေးမှိန်လျက်ရှိနေကြကြောင်းကို ဆက်လက်သုတေသနပြုမည်ဟု ပြောကြားပါသည်။

စတြာဝဠာ၌ ပထမဆုံးဖြစ်တည်ခဲ့သည်ဟု ယူဆရသော ကြယ်တရာများမှာ မြေပြင်စခန်းမှ ”ဟူဘယ်အာကာသအဏုကြည့်မှန်ပြောင်း” ဖြင့် ကြည့်ရှုရာ၌ပင် အလွန်အလင်းရောင် ဖျော့သော ဖယောင်းတိုင်မီးရောင်ခန့်သာ တွေ့ရသည်ဟု သုတေသန အဖွဲ့ခေါင်းဆောင် ဟာဗေးရစ်ချာက ပြောသည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

ထိုသိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ ကြယ်များမှာ ကောင်းကင်ပြင်တွင် မရေအတွက်နိုင်အောင် များပြားကြောင်း သိရပါသည်။ ရေတွက်၍ကုန်လောက်ပြီဟုထင်သော အချိန်၌ပင် ထပ်မံတွေ့ရှိကြပြန်ပါသည်။ ၄င်းအချက်မှာ သမ္မာကျမ်းစာ၌ ဖော်ပြထားချက် အတိုင်း ထာဝရဘုရားဖန်ဆင်းပြုလုပ်ထားသော ကြယ်များသည် သမုဒ္ဓရာသဲလုံးများ များသကဲ့သို့ဖြစ်၍ ရေတွက်၍ မရနိုင်ဟု ဖော်ပြထားချက် မှန်ကန်ကြောင်း အထောက်အထား ပြုသည့် ရှာဖွေတွေ့ရှိချက်ပင် ဖြစ်နေပါတော့သည်။

ထာဝရဘုရားသည် မိုဃ်းကောင်းကင် နှင့် ကောင်းကင်တန်ဆာ တို့ကို ကိုယ်တိုင် ဖန်ဆင်းပြုလုပ်တော်မူကြောင်းကို ကမ္ဘာ့ဦးကျမ်း ၁း၁၄-၁၉ ၌ ဤသို့ဖော်ပြထားပါသည်။

”ထိုသို့ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတစ်လုံး ၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တစ်လုံးနှင့် တကွ ကြယ်များကို ဖန်ဆင်းတော်မူ ပြီးလျှင် … ”

ဆာလံ ၃၃း၆ တွင် ”ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူပြီ” လို့ ဖော်ပြထားပါသည်။

ထို့ပြင် ဟေရှာယ ၄၀း၂၆ ၌လည်း ”အထက်သို့မျှော်ကြည့်လော့ ၊ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း၊ ထိုသူသည် အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမတော်ဖြင့် ခေါ်တော်မူ၏” လို့ဖော်ပြထားသလို…

ဟေရှာယ ၄၅း၇ တွင်လည်း ”ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ … ခပ်သိမ်းသောအမူအရာတို့ကို ငါထာဝရဘုရားပြုတော်မူ၏” လို့ ဖော်ပြထားပါသည်။

မိုဃ်ကောင်းကင်ကြယ်တို့ကို မရေမတွက် နိုင်ကြောင်းကို ဤကျမ်းချက်များအရ သိရှိ ရပါသည်။

ယေရမီ ၃၃း၂၂ ၌ ”မိုဃ်းကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံး တို့ကို တောင်းတင်းနှင့်မခြင်နိုင်အောင် များပြားသကဲ့သို့” ဟုလည်းကောင်း၊

ကမ္ဘာဦးကျမ်း ၂၂း၁၇ တွင် “ငါသည် သင့်အား အစဉ်အမြဲ ကောင်းချီးပေးမည်၊ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း ၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း ၊ အစဉ်ပွားများစေမည်”

ထို့အပြင် ကြယ်တစ်လုံးစီ၌ ၄င်းတို့၏ ၀ိသေသလက္ခဏာများ ၊ ဂုဏ်အင်္ဂါများ တစ်မျိုးစီရှိကြောင်းနှင့် ထိုအင်္ဂါရပ်များအပေါ် မူတည်ပြီး ၊ သိပ္ပံပညာရှင်များသည် ကြယ်များကို ရေတွက်မှတ်သားဖော်ထုတ်နာမည် ပေးရပုံမှာလည်း သမ္မာကျမ်းစာ၌ ဖော်ပြသည့်အတိုင်းပင် နေပါသည်။

၁ကော ၁၅း၁၄တွင် ”နေ၏ဂုဏ်သရေတစ်မျိုး ၊ လ၏ ဂုဏ်သရေတစ်မျိုး ၊ ကြယ်၏ ဂုဏ်အသရေတစ်မျိုး အသီးသီးရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသေရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏” ဟုဖော်ပြထားပါသည်။

မည်သို့ပင်ဆိုစေကာမူ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိချက်တိုင်းသည် ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်း ၊ ပြုလုပ်တော်မူခြင်းကို အတည်ပြုပေးသည့် တွေ့ရှိချက်များပင် ဖြစ်ပြန် ပါသည်။ ထို့ကြောင့် ကြယ်ကလေးများမှတဆင့် ဘုရားသခင်၏တန်ခိုးတော်နှင့် အံ့သြဖွယ်ရာ ဖန်ဆင်းခြင်းကို ရှင်းရှင်းကြီး တွေ့မြင်ကြရပါတော့သည်။

ဝန်ခံချက် ။ ၂၀၀၆ ၊ နိုဝင်ဘာ မြန်မာ့တမန်မှ ထုတ်နှုတ်တင်ပြသည်။


Yourtube "HOW BIG ARE YOU" .. universes presentations
http://www.youtube.com/watch?v=2LUQVzerseI&feature=fvwrel