ပန်းကလေးများမနွမ်းစေချင် - သံလျှင်ဖေသွင်

သံလျှင်ဖေသွင်

အသက်၂၅နှစ်ကျော်ကျော် အမျိုးသမီးငယ်တဦးက စိတ်ဓါတ်ကျနေတဲ့ သူ့ထက်၁၀နှစ်ကျော်ကြီးတဲ့ ကျွန်တော့ကို ပြောတယ်။ ဦးလေးရယ် ..ဘာကြောင့်များ စိတ်ညစ်နေရသလဲ။ ယောင်္ကျားပီပီ ဘီယာ၊အရက် သောက်ချပစ်လိုက်ပါလား .. လို့ အကြံပေးတယ်။ မဖြေချင်တော့ ငြိမ်နေလိုက်ရပါတယ်။  အသက်ငယ်စဉ်တုန်းက အရက်သောက်ရတာ သိပ်ကောင်းပါတယ်။ တချို့လည်း ကြီးတဲ့ထိ ကောင်းနေတုန်းပါပဲ။ အများစုကတော့ ကြီးတဲ့အချိန်ထိ အရက်အရသာကောင်းကြောင်းမသိလိုက်ပဲ ငယ်ရွယ်စဉ်မှာပဲ အရက်နာကျ ဘ၀လမ်းရပ်သွားရပါတယ်။

အခုဆောင်းပါးတိုလေးကတော့ ၀တ္တုရှည်စာအုပ်တအုပ်ကို အနှစ်ချုပ်ရေးလိုခြင်းဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ပြီး အရက်ကျေးကျွန်ဖြစ်နေသူတဦး ဘုရားအားဖြင့်သာ ဘ၀ကို ရုန်းထွက်ဖို့ နည်းမျိုးစုံ ကျိုးစားခဲ့ကြောင်း၊ စစ်ရေယာဉ်မှုး ဗိုလ်မှုးတစ်ဦးဖြစ်ပြီး လမ်းကြားထဲက အရက်ဆိုင်မှာ အရက်အတွက် ပေတေနေသူများနဲ့အတူ တန်းစီခဲ့ရတဲ့ဘ၀အထိ ကျင်လည်ခဲ့ကြောင်း။ နောက်ဆုံး ဘုရားအားဖြင့်သာ ရုန်းထွက်နိုင်ခဲ့ကြောင်း ကိုယ်တွေဝတ္တုလေးဖြစ်ပါတယ်။

ရသစာပေဖြစ်တဲ့အတွက် အချိန်ပေးပြီး၊ ဖတ်ရှုရင် အလွန်ကောင်းတဲ့ ၀တ္တုဖြစ်ပါတယ်။ ခရစ်ယန်စာပေလောကမှာ အကျော်ကြားဆုံးဝတ္တုတခုဖြစ်ပြီး ကိုယ်တွေ့ဖြစ်ရပ်ကို အခြေခံတဲ့အတွက် စာရေးဆရာကြီးကွယ်လွန်ပြီးသည့်တိုင်း ဆက်လက်ထုတ်ဝေဆဲဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်မှာ မူပိုင်ဖြစ်တဲ့ ဆရာကြီးရဲ့ဇနီးဒေါ်ခင်အေးမူနဲ့သားကိုဌေးလွင်တို့ ခွင့်ပြုချက်အရာ မြန်မာနိုင်ငံနှစ်ခြင်းသာသနာစာပေမှ စတ္တုထအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ထုတ်ဝေသူ နှင့် ပုံနှိပ်သူ။  သိက္ခာတော်ရဆရာ ကိတ်ချင်ပေါင်
နှစ်ခြင်းသာသနာစာပေ နှင့် နှစ်ခြင်းပုံနှိပ်တိုက်
၁၄၃ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်
စာမျက်နှာ ၃၁၁
ချီးကျူးဝေဖန်ချက်။ စာရေးဆရာမကြီး "မယ်ခခွေး"

သံလွင်ဖေသွင်
ခရစ်ယာန်စာရေးဆရာကြီး သံလျှင်ဖေသွင် ဆိုရင် အခုခေတ်လူငယ်များ မကြားဖူးပေမဲ့၊ အသက်၄၀ကျော်သူများကတော့ အနည်းငယ်ကြားဖူးမှာပါ။ မြန်မာ ခရစ်ယာန်စာပေလောကမှာ လုံးချင်းဝတ္တု ရသစာပေများစွာ ရေးသား၊ ဘာသာပြန်ခဲ့တဲ့ ဆရာကြီးပါ။ငယ်စဉ်က အသက်၂၀အရွယ် မြန်မာပြည်လွတ်လပ်ရေး ရခါစ ပုသိမ်မြို့ရေတပ်မှာ စစ်ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ရင်း၊ ရောင်စုံသူပုန်များနဲ့ တိုက်ပွဲများ ဆင်နွဲခဲ့ပါတယ်။ အရက်မသောက်တတ်သူ၊ သင်းအုပ်တဦးရဲ့သား၊ အသက်၂၀အရွယ် ပထမဆုံးအချစ်ဦးကို ပုသိမ်မှာ စတင်တွေ့ရှိခဲ့ခြင်းနဲ့ နိဒါန်းအစပျိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အင်္ဂလန်တွင် ရေတပ်စစ်ပညာများသင်ကြားပြီး၊ စစ်ရေယာဉ်မှုး၊ ဗိုလ်မှုးအဖြစ်တာဝန်ထမ်းဆောင်ကာ အင်ြမ်းစားယူခဲ့ပါသည်။ အင်ြမ်းစားယူပြီးနောက် ဓမ္မဆရာ ကျမ်းစာကျောင်းတက်သည်။ ခရစ်ယာန်စာပေလောကတွင် CLC ယခင် မြန်မာနိုင်ငံခရစ်ယာန်စာပေအဖွဲ ၏ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  ၁၉၆၉ခုနှစ်မှာ ကွယ်လွန်ပါတယ်။

အရက်သမားဘ၀အစ
ပုသိမ်သူ အချစ်ဦးရဲ့ မိသားစုက ဗုဒ္ဓဘာသာဖြစ်လို့ ခရစ်ယန်ဖြစ်တဲ့ စစ်ဗိုလ်လေးကို လက်ထပ်မပေးပဲ၊ ကွဲကွာစေတဲ့အတွက် မေတ္တာဆုံးရှုံးသွားသူ လူငယ်တဦး၊ အရက်ကို စတင်သောက်သုံးလာခဲ့ပါတယ်။ စစ်တိုက်ရာမှာလည်း ရဲဆေးတင်ပြီး သောက်တဲ့အကျင့်ကနေ နောက်ဆုံး အရက်ရဲ့ကျေးကျွန်ဘ၀ကို ရောက်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံတောင်ပိုင်း ပလိုင်းမောက် (သ်)မြို့ (H.M.S Drake) ရေတပ်စခန်းမှာ စစ်ပညာသင်ပြီး၊ နောက်ပိုင်း တိုပီဒိုနှင့်ရေငုတ်သင်္ဘောတိုက်ဖျက်ရေး (Torpedo and Antisubmarine Warfare) ပါရဂူသင်တန်းကို ဆက်လက်တက်ရောက် ပြီးစီးခဲ့ပါတယ်။ အင်္ဂလန်က ဘား၊ ကလပ်များမှာ သောက်စား၊ ပျော်ရွှင်နေခဲ့ပါတယ်။ ငွေကြေးလဲအဆင်ပြေ၊ အရက်မျိုးစုံကို သောက်ပြီး မြန်မာပြည်ပြန်ရောက်ပြီး၊ စစ်ဗိုလ်လူငယ်ဘ၀ကတည်းက  အရက်သမားဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း စစ်ရေယာဉ်မှုး ဗိုလ်မှုးဘ၀မှာ အရေးကြီးတဲ့တာဝန်များကို ထမ်းဆောင်ချိန်မှာပင် အရက်မသောက်ရလျှင် လက်တုန်တဲ့အဆင့်၊ အိပ်မရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။  မြန်မာနိုင်ငံ အစိုးရလူရည်ချွန်စီမံကိန်းမှာ အရေးကြီးလှတဲ့ လူရည်ချွန်လူငယ်များကို စစ်ရေယာဉ်နဲ့ ကိုယ်တိုင်မောင်းနှင်စဉ်မှာပင်၊ အရက်သောက်မိခဲ့ကြောင်း၊ အရက်မသောက်ပဲ တာဝန်မထမ်းဆောင်နီုင်တဲ့အထိ အရက်ကျေးကျွန်ဖြစ်ခဲ့ပြီး တပ်မတော်ဆေးရုံ၊ ကိုယ်ပိုင်ဆေးရုံများမှာ နည်းမျိုးစုံနဲ့ အရက်ဖျက်ခဲ့ရပါတယ်။

အရက်ဖြက်ရန်ကြိုးစားခြင်း
စစ်တပ်ရဲ့ တပ်မတော်ဆေးရုံမှာ တက်ပြီး အရက်ဖြက်ဖို့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများရဲ့ တိုက်တွန်းချက်ကို နောက်ဆုံး လိုက်လျောခဲ့ပါတယ်။ ၂ပတ်ကြာအောင် အလူးအလဲခံပြီး အရက်ဖြက်ခဲ့ရပါတယ်။ အရက်မသောက်ရရင် အိပ်မရ၊ ခြောက်ခြား၊ တစ္ဆေသရဲများ၊ မကောင်းဆိုးဝါးများနဲ့ မခံမရပ်နိုင်ဖြစ်လို့ အစောင့်ရဲဘော်ကိုပင် တောင်ပန်ပြီး အရက်ရှာပေးပါရန် ပြောရတဲ့အထိ စိတ်ဓါတ်ပျက်ပြားခဲ့ရတယ်။ နောက်ဆုံး အရက်မသောက်ပဲ စားသောက်၊နေထိုင်နိုင်လာတဲ့အထိ ကောင်းမွန်လာပါတယ်။ ဆေးရုံက ဆရာဝန်ကြီးအနေနဲ့ ဆေးရုံဆင်းပြီးသူ အများစုဟာ အရက်ပြန်သောက်တယ်ဆိုတဲ့ အကြောင်းကို ပြောပြပါတယ်။ ဒါကြောင့် နောက်ထပ် ၃ပတ်လောက် ဆက်လက်နေထိုင်ရန် တိုက်တွန်းပေမဲ့၊ မိမိရဲ့ လွတ်လပ်မှု၊ ထောင်လိုနေရတဲ့ဆေးရုံက အမြန်ဆင်းလိုမှုကြောင့် ဆက်လက်မနေပဲ အရက်ပြက်ပြီး၊ စိတ်ချပါ ..ပြောကာ ဆေးရုံက ဆင်းခဲ့ပါတယ်။ နောက်ပိုင်း အလွန်အရသာရှိလှတဲ့ အရက်ကို ပြန်သောက်ဖြစ်ကြောင်း .. ရေးထားပါတယ်။

နောက်ဆုံး အရက်ကောင်းကောင်း သောက်ရန် ငွေလည်းမလိုက်နိုင်တော့၊  အရက်ဖြူရှာသောက်တဲ့ အဆင့်ထိ ရောက်လာပါတယ်။

ပညာတတ်၊ စစ်ဗိုလ်တဦးဖြစ်တဲ့အတွက် အရက်အကြောင်း ဆေးစာအုပ်၊ ပညာရပ်စာအုပ်၊ အရက်ဒုက္ခများကို ကောင်းကောင်း ရှာဖွေဖတ်ရှုခဲ့ပါတယ်။ ဆရာဝန်၊ ဓမ္မဆရာ၊ တက္ကသိုလ်ဆရာများနဲ့ပင် အရက်အကြောင်း အသေးစိတ် ဆွေးနွေးခဲ့တဲ့အတွက် ဦးနှောက်အားဖြင့် အရက်အန္တရုယ်ကို အသေအချာ သိပါတယ်။ စိတ်နှလုံးအားဖြင့်လည်း မိမိအရက်သမားရဲ့မိသားစု၊ မိတ်ဆွေများကြားမှာ ရင်နာစရာများကို ရှောင်လွှားဖို့ အရက်ဖြက်ချင်ပါတယ်။

သို့သော် .. စွဲလမ်းမှု (မရရင်၊မနေနိုင်) ဘ၀ကို ရောက်သွားပြီဖြစ်တဲ့အတွက် လွန်သွားပြီ။ အရက်နဲ့ပဲ သေတာ ကောင်းပါတယ် ..ဆိုတဲ့ အဆင့်ကို ရောက်နေပါပြီ။

စိတ်ရောဂါဆရာဝန်ကြီး၊ စိတ်ညို့နည်းများကိုလည်း စဉ်းစားခဲ့ပါတယ်။ နိုင်ငံခြား၊ဥရောပတိုက်သား ဆရာဝန်ကြီးရှိတဲ့ သာသနာဆေးခန်းမှာလည်း ဖြက်ဖို့ လုပ်ပါတယ်။ အရက်သောက်ရင် မခံမရပ်နိုင်ဖြစ်စေတဲ့ ဆေးပြားကို သုံးဆောင်ပြီး အရက်ဖြက်ဖို့လည်း လုပ်ခဲ့ပါတယ်။ ဘာတခုမှ မအောင်မြင်ခဲ့ပါ။

ငါဝိညာဉ်ငြိမ်သက်ခြင်းအစ
ပထမဆုံး အရက်ဖြက်နည်းလမ်းကို တွေ့ရချိန်ကတော့ မြေနီကုန်း၊ အရက်ဖြူဆိုင်ကအပြန် တဲလေးထဲမှာ ဆင်းရဲတဲ့မိသားစု ည၀တ်ပြုဆုတောင်း၊ သီချင်းတာကို ကိုယ်တိုင်၊ မြင်တွေ့၊ ကြားချိန်ပဲဖြစ်ပါတယ်။ ဖခင်ကြီးက ဖယောင်းတိုင်မီးထွန်းပြီး ကျမ်းစာဖတ်ရင်း၊ သားသမီးငယ်များနဲ့ ဓမ္မသီချင်းဆိုသံကြားတော့ သူတို့ဆင်းရဲပေမဲ့ ၀ိညာဉ်ငြိမ်သက်ခြင်းရကြောင်း၊ မိမိမှာတော့ ငွေ၊ရာထူး၊ ဂုဏ်ရှိပေမဲ့ ၀ိညာဉ်ဘလောင်ကျင်း၊ ဆူပူနေကြောင်းကို အသိတရာရစေပါတယ်။ ဘုရားရဲ့မေတ္တာကို ခံစားလိုချင်စိတ် စတင်ခဲ့ပါတယ်။

စစ်ရေယာဉ်မှာ အရက်မူးလဲနေချိန် မိမိချစ်တဲ့ သမီးငယ် ၇နှစ်အရွယ်ကို စစ်ရေယာဉ်ပေါ်ခေါ်လာဖို့ မိမိတပည့်များအား ပြောပါတယ်။ မိမိနိုးထလာချိန်မှာ မိမိချစ်သမီးငယ်လေး ခေါ်မလာရကောင်းလား ဆိုပြီး တပည့်များကို ဆူပူကြိမ်းမောင်းပါတယ်။ တပည့်များက ခေါ်လာခဲ့ကြောင်း။ သမိးလေးက နှိုးပေမဲ့ ဆရာကမနိုးကြောင်း။ သမီးလေး အလွန်ကြာမြင့်စွာ အရက်နာကျ၊ အိပ်မောနေတဲ့ မိမိကို ကြည့်ရင်း ရေးခြစ်ထားတဲ့ စာရွက်ကို မြင်ရကြောင်း၊ စာရွက်ပေါ်မှာ ရေးခြင်ရင်း ကျဆင်းလာတဲ့ အရည်များကို တွေ့မိပါတယ်။ ရေးထားတဲ့စာရွက်မှာ ခြောက်သွေ့နေတဲ့ အရည်များဟာ ဖခင်ကို ချစ်မျက်နိုးလှတဲ့ သမီးလေးရဲ့ မျက်ရည်တွေမှန်း သိလိုက်ရကြောင်း၊ အလွန် စိတ်ထိခိုက်မိကြောင်း ရေးထားပါတယ်။

အဆုံးသပ် အရက်ကိုအောင်နိုင်ခြင်း
ဘုရားကိုဆပ်ကပ်မယ်ဆိုပြီး ဓမ္မဆရာနှစ်ဦးနဲ့ တွေ့ဆုံပါတယ်။ အသက်ရွယ်ရသူ ဆရာကတော့ ကောင်းမွန်စွာပြောပြီး၊ အရက်ကို ဆက်ကပ်ပါရန်၊ ဘုရားနဲ့သာမွေ့လျှော်ပါရန်။ ဘုရားသခင် ကွယ်ကာစောင့်ရှောက်မဲ့အကြောင်း အပြန်အလှန်ဆွေးနွေးခြင်းကို ရေးသားထားပါတယ်။ မိမိအပြစ်ကို ၀န်ချတောင်ပန်ပြီး ဘုရားရဲ့လက်တော်ကို မိမိခန္တာ၊ အရက်များအားလုံး အပ်နှံလိုက်ကြောင်း ကတိပြုခဲ့ပါတယ်။ ၃ဦးသား ဆုတောင်းကြတယ်။ ပဌနာတော်ကို အတူရွတ်ဆိုကြပါတယ်။ နောက်တော့ ဓမ္မဆရာလူငယ်က အိမ်မှာရှိတဲ့ အရက်ပုလင်းများတင်ထားတဲ့ စင်ဆီကို သွားပြီး ဘရန်ဒီ အရက်တပုလင်းကိုထုတ်လိုက်ပါတယ်။ အားလုံးရှေ့မှာ အလွန်ကျယ်လောင်သောအသံနဲ့

"အချင်းစာတန်.. ငါ့နောက်သို့ဆုတ်လော့"

အံကိုကြိတ်ပြီး ပုလင်းကိုမြှောက်လျက် ပြူတင်းပေါက်ဘောင်ပေါ်ကို ရိုက်ခွဲလိုက်ပါတယ်။ "ဖေါင်း" ဟူတဲ့ အသံကြီးနဲ့အတူ ပုလင်းကွဲအစအနများနဲ့ အဆိပ်ရည်များ ကြမ်းပြင်ပေါ် ကြဲပျံ့  ထွက်သွားပါတော့တယ်။

ငါ့ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏ (ဖိလိပ္ပိ ၄း၁၃)

မေတ္တာမွန်ဖြင့်
ဖေသွင်
၂၀.၇.၆၉ ၀၃၃၅နာရီ


၂၇-နိုဝင်ဘာ-၂၀၁၁ တွင် ဇော်အောင်(မုံရွာ)မှ ဆောင်းပါးအဖြစ်၊ အကျဉ်းချုပ်ရေးသားဖေါ်ပြပါသည်။