မြေတစ်ကွက် - (ဆောင်းပါး) မင်းအောင်သက်လွင်


ကျွန်တော်တို့ မိသားစုဟာ ဟိုးအရင်တုံးက သံဖြူဇရပ်မှာ နေတာ ဖြစ် ပါတယ်။ အဖွားဖြစ်သူ (အမေ့ မိခင်)ဆီက အမွေရတဲ့ ငွေလေးနဲ့ အမေက အင်းစိန်မှာ မြေလေး တစ်ကွက် ဝယ်လိုက်ပါတယ်။ အဲဒီမြေလေးတစ်ကွက်ကို အခြေပြုပြီး ကျွန်တော်တို့ အင်းစိန်ကို ရောက်လာပါတယ်။ အဲဒီ မြေကွက်လေးပေါ်မှာ အခြေချရင်း ကျွန်တော်တို့ ကြီးပြင်း ကာ လူလားမြောက်လာခဲ့ရပါတယ်။ အဖွားဖြစ်သူက သူ့သားသမီးတွေ အားလုံးကို မြေ တစ်ကွက်ဆီ အမွေပေးခဲ့ ပါတယ်။ ကျွန်တော်တို့က အဲဒီမြေကွက်မှာ နေထိုင်ခဲ့ပေမဲ့ ကျွန်တော့် အဒေါ်ကတော့ အင်းစိန်မှာ အမွေရတဲ့ မြေကွက်ကို ရောင်းချပြီး အခြားမြို့ တစ်မြို့မှာ သွားနေခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေတော်တော်များများ ကြာပြီးတဲ့နောက် မှာ အဒေါ်ဟာ အင်းစိန်မြို့ ပေါ်က မြေတစ်ကွက်ကို ပြန်ဝယ်လို့ မရနိုင်လောက်အောင် ဈေးနှုန်းတွေ မြင့်တက် သွားခဲ့ပါတယ်။

နေစရာ မြေတစ်ကွက် အတွက် သောက များခဲ့ရတဲ့သူတွေ။ အချင်း များခဲ့ရ တဲ့သူတွေ။ မြောက်များစွာရှိခဲ့ပါတယ်။ ကျွန်တော် အရွယ်ရောက်လာတဲ့နောက်ပိုင်းမှာ လဲ အဖွားဆီက ရတဲ့ မြေတစ်ကွက်ထဲက နောက်ထပ် အကွက်သေး လေးကွက် ထပ်ခွဲပြီး အမေက ကျွန်တော်တို့ မောင်နှမတွေကို အမွေ ထပ်ပေးခဲ့ပါတယ်။ မြေ တစ်ကွက်ဟာ တော်တော် အရေးကြီးပါတယ်။ အဲဒါနဲ့ ပါတ်သက်ပြီး ဖတ်ခဲ့ဖူးတဲ့ စာမူလေး တစ်ပုဒ်ကို ဘာသာပြန် ရေးသားလိုက်ပါတယ်။

တစ်ခါတုံးက တိုင်းပြည်တစ်ပြည်ကို အာဏာရှင် အင်ပါယာမင်းကြီးက အုပ်ချုပ်စိုးစံနေတယ်။ သူ့လက်အောက်မှာ ခစားတဲ့ မင်းမှုထမ်းတွေ။ စစ်သည်တော်၊ မြင်းသည်တော်တွေ မြောက်များစွာရှိတယ်။။ တစ်နေ့မှာ ဘုရင်ကြီးရဲ့ မြင်းသည်တော် တစ်ဦးက သူ့ကို အသက်ဘေးက ကူညီခဲ့ဖူးတဲ့အတွက် ဘုရင်မင်းမြတ်က လိုရာ ဆု ပန်စေလို့ အခွင့် ပေးလိုက်တယ်။ လောဘရမက် ကြီးတဲ့ မြင်းသည်တော်က အိမ်ပြန်ပြီး မိန်းမ ဖြစ်သူနဲ့ ဘယ်လို ဆုမျိုး ပန်ရင်ကောင်းမလဲလို့ တိုင်ပင်သတဲ့။ မိန်းမဖြစ်သူ အကြံပေးတဲ့ အတိုင်း ရှင်ဘုရင်ကြီးဆီ ပြန်လာပြီး ကျွန်တော်မျိုး စီးနေကျ ဒီမြင်းညိုကြီးကို စီးပြီး တစ်တိုင်း ပြည်လုံးကို နေရာအနှံ့ သွားခွင့်ပေးပါ။ ကျွန်တော်မျိုး မြင်းစီးပြီး ဖြတ်သန်းခဲ့သမျှ မြို့တွေ။ ရွာတွေကို အပိုင်စားရတဲ့ အခွင့်ပေးပါလို့ လျှောက်ထားသတဲ့။ သဘော ကောင်းတဲ့ အင်ပါယာ အရှင်မင်းမြတ်က ယူစေလို့ အခွင့်ပေးလိုက်သတဲ့။

ဘာပြောကောင်းမလဲ နောက်တစ်နေ့ မနက်မှာ မြင်းသည်တော်ဟာ စားနပ် ရိက္ခာ အပြည့်အစုံနဲ့ သူ့ရဲ့ စီးတော်နေကျ ခြေမြန်တော် စစ်သုံး မြင်းကို ကဆုန်စိုင်းပြီး ခရီးနှင်ပါလေရော။ သူနင်းခဲ့၊ ဖြတ်သန်းခဲ့သမျှ မြို့ရွာတွေ အားလုံးကို သူ ပိုင်ဆိုင် ရတော့မှာမို့ များများ ခရီး နှင်လေ။ များများ ရလေ။ များများ သွားလေ။ များများ ချမ်းသာလေ ဆိုတဲ့ လောဘနဲ့ ခရီးကြမ်း နှင်လာလိုက်တာ ရက်အတော်အကြာမှာ ခရီးတော်တော် ပေါက်ခဲ့လို့ မြေကွက် တော်တော်များများကို ပိုင်ဆိုင်ခွင့်ရလာခဲ့တယ်။ ရလေ လိုလေ၊ ပိုလိုချင်လေ ပိုသွားလေနဲ့နောက်ဆုံး မြင်းလဲမော။ လူလဲ ပန်း။ ခရီးပြင်း နှင်ခဲ့တဲ့ ဒဏ်နဲ့ သေလု မျောပါး ခံစားရချိန်မှ မြင်းသည်တော် နောင်တ ရမိတာက သြော် ငါဘယ်လောက် သွားသွား။ ဘယ်လောက် ပိုင်ပိုင် နောက်ဆုံးတော့ ငါရမှာက ငါ့တစ်ကိုယ်စာ မြေကွက်လေးပါလားလို့ သဘော ပေါက် သွားမိပါတယ်။

`          ဒီပုံပြင်လေးရဲ့ အနှစ်သာရ ကတော့ ဒီကနေ့ လောလော ဆယ်ဆယ် လောကမှာ များများရဖို့ မနားတမ်း ကြိုးစားနေသူများအတွက် သင်ခန်းစာ ယူစရာ ဖြစ်ပါတယ်။ များများ ချမ်းသာဖို့ ။ များများ ပိုင်ဆိုင်ဖို့။ အာဏာကြီးကြီး ရဖို့ ဆိုပြီး လောကမှာ ဘက်မမျှဘဲ တစ်ဘက် စောင်းနင်း ရှာဖွေသူများအတွက် ဆင်ခြင်စရာ ဖြစ်ပါတယ်။ ရယူ ပိုင်ဆိုင် လိုချင်မှု တွေကြောင့် မိသားစု တာဝန်ကို ပျက်ကွက် ခဲ့ရ ခြင်း။ အာဏာတန်ခိုး ကြီးထွား လိုချင်မှုကြောင့် ကျန်းမာရေး။ ဝိညာဉ်ရေး။ လူမှုရေး။ စိတ်ဓါတ် ရေးရာကို လျစ်လျူ ရှုခဲ့ရခြင်း။ အောင်မြင် ကျော်ကြား ထင်ပေါ်ချင်စိတ် များကြောင့် သဘာဝ အလှအပ တရားကို ဥပေက္ခာ ပြုခဲ့မိတာတွေ ရှိပါလိမ့်မယ်။ လော က ဘဝ ဆိုတာ။ အလုပ်။ မိသားစုနဲ့ ကိုယ်ပိုင် အချိန်ကို မျှတစွာ၊ ဘက်ညီစွာ အသုံးပြု ဦးစားပေးရပါတယ်။ တစ်ဘက်သတ် လုပ်လို့ မရပါဘူး။

စိတ်ကူး အတွေးတွေကို ထိန်းချုပ်မထားရင် အတွေးတွေက စကားလုံးတွေ ဖြစ်လာပါလိမ့်မယ်။ စကားလုံးတွေကို မထိန်းချုပ်ပါက စကားလုံးတွေက အပြုအမူ လုပ်ဆောင်မှုတွေ ဖြစ်လာပါလိမ့်မယ်။ အပြုအမူ လုပ်ဆောင်မှုတွေကို မထိန်းချုပ်ဘူး ဆိုရင် လုပ်ဆောင်မှုတွေက အလေ့အကျင့် ဝါသနာတွေ ဖြစ်လာပါလိမ့်မယ်။ လုပ်နေ ကျ အလေ့အကျင့် ဝါသနာ တွေကို မထိန်းချုပ်ဘူး ဆိုရင် အလေ့ အကျင့် ဝါသနာ တွေက အကျင့် စာရိတ္တတွေ ဖြစ်လာ ပါလိမ့်မယ်။။ နောက်ဆုံးမှာတော့ အဲဒီ အကျင့် စာရိတ္တ တွေက ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးသွားပါလိမ့်မယ်။

မင်းအောင်သက်လွင်

(ဝန်ခံချက်။           ။မိတ်ဆွေ တစ်ဦးပေးပို့သော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သော For-ward e-mail တစ်ပုဒ်အား ဆီလျော်အောင် ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။ ပေးပို့သော မိတ်ဆွေနှင့် မူရင်း အင်္ဂလိပ် စာရေးဆရာ အားကျေးဇူးတင် ပါသည်)

မင်းအောင်သက်လွင်၏ နေမ၀င်နိုင်ငံသို့သွားရာလမ်း စာအုပ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည့်၊ ဆောင်းပါးဖြစ်သည်။