သူဌေးစိတ်ကူး


သူဌေးစိတ်ကူး
 - မင်းအောင်သက်လွင်

ငွေမက်လို့တော့ မဟုတ်ပါဘူး

အခြေပျက် အနေခက်တဲ့ လောက မှာ

ငွေ မရှိတဲ့ ဘဝဆိုတာ ၊ နေ မထိတဲ့ ပန်းလိုပါ

လူ မသိ သူ မသိနဲ့ ၊ အပူ မိနေခဲ့ သမျှ

မျက်နှာငယ်ခဲ့ရ ၊ ယောက္ခမ မကြည်ဖြူတဲ့ ဘဝ

အသိုင်းအဝိုင်း တစ်ထောင်မှာ အရိုင်းအစိုင်း တစ်ကောင်ပါ။

သား မယား အမြင်မှာ ၊ ဖွတ်ကျား လို့ ထင်လာ။

သူငယ်ချင်းများက ခနဲ့တာ ၊ နင်းပြားလို့ မဲ့ရွဲ့ကာ

အသုံး မကျတဲ့ သူလိုလို၊ ရိုးအ တဲ့ သူလိုလို

သောက်သုံး မကျတဲ့ သူလိုလို ၊ မျောက်ရှုံးအောင် ကတဲ့ သူလိုလို

လက်ညိုးငေါက်ငေါက် ထိုးကာ ၊ မျက်ရည်ပေါက်ပေါက် ကျိုးလာ

ဆန်ကုန်မြေလေး လူပို လို နဲ့ ရန်လုံကြေအေးကာ အငြိုအငြင် ခံရတယ်။

 

ဒီလိုနဲ့ - - -

မခံနိုင်တဲ့ တစ်နေ့မှာ ၊ အကြံပိုင်နဲ့ တွေ့ကာ

တတ်ထားတဲ့ပညာနဲ့ မှတ်ထားတဲ့ သညာတွေကို

အရင်းအနှီးပြုကာ ငွေတွေရှာ ၊ နိုင်ငံရပ်ခြားက ရွှေ တွေပါ။

 

ရွာပြန်ရင် သူဌေး ဖြစ်တော့မှာ ၊

စိတ်ကူးကလေးနဲ့ ရူးခဲ့ရတဲ့ နေ့တွေလဲ၊

ရွာပြန်ရင် အကြွေးကင်းတော့မှာ

ဒီအတွေးလေးနဲ့ ကြိုးစားခဲ့တဲ့ အလုပ်တွေလဲ၊

 

အများ ရှုပ်မိတဲ့ အခါ တရားတစ်ပုဒ် ရောက်လာ စံ ရလဲ အောက်ခြေ မလွတ်ပါ။

အမှား လုပ်မိတဲ့အခါ ကုလား တရုတ် ဟောက်တာ ခံ ရလဲ စိတ် မပျက်ပါ၊

တစ်ခါ မှန် ရင် အတွေးလေးထဲမှာ ၊ ရွာပြန်ရင် သူဌေး ဖြစ်တော့မှာ။    ။

 

မင်းအောင်သက်လွင်

 (ဝန်ခံချက်။     ။ ပြည်ပရောက် မိတ်ဆွေ (ရွှေ) များအားလုံးအတွက် အမှတ်တရ ရေးဖွဲ့ပါသည်)

(ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။ မသဲ ၆း၃၃)

.