အခွံ(၄)


 မင်းအောင်သက်လွင်

အိမ်နောက်ပေါက်က တံခါးခေါက်
“ဟောဒီမှာ မင်း အတွက် ခရစ္စမတ်လက်ဆောင်” တဲ့ ၊


အိမ်တံခါးကို အဖွင့်မှာ ကျိန်စာ မိထားတဲ့ ငါ့ဝိညာဉ်ကို
ငါး ကင်သလို တံကျင်လျှို ထားတာ တွေ့လိုက်ရတယ်၊

သကောင့်သား ငါကတော့
ဆီ ဝယ်ဖို့လဲ အကြံအိုက် ၊ ထီ ဝယ်ဖို့လဲ ကံ မလိုက်
ကျီစယ် ဖို့လဲ ဟန် မထိုက် ၊ လီဆယ် ဖို့လဲ မာန်က ငိုက် ၊

ကောင်းကြီး ရဖို့အတွက်ဆို  “အာမင်” တွေ အထပ်ထပ် ခေါ်
ဘုရားခိုင်းတဲ့ အလုပ်အတွက်ဆို ကမ္ဘာအပြင်မှာ ခန ထွက်ပျော်
ခနော် ခနဲ့ ၊ အဖော် အဖွဲ့တွေနဲ့  ပျော်ပွဲ လှည့်နေခဲ့တယ်၊

အပေး အယူတွေနဲ့ ချိန်ခွင် ညှိထားတဲ့ လောကမှာ
ကိုယ်ကချည်းဘဲ ပေးနေရရင် ရတက် မအေးရသလို  (အကြွေး ပြန်မရမှာ စိုးလို့)
ကိုယ်ကချည်းဘဲ ယူနေပြန်ရင်လဲ မျက်နှာ ပူစရာဖြစ်မယ်၊ 
(အလကားကောင်လို့ အထင်ခံရမှာ စိုးလို့)
အသိ နောက်ကျလို့  ‘ခံ’ လိုက်ရတာ ရှိသလို ၊ 
အရောက် နောက်ကျလို့  ‘ကျန်’ ခဲ့ရတာတွေလဲရှိတယ်၊


လို တ မရ လို့ ၊ ငို ပြ ကြတဲ့ လောကထဲ 
မအေး မပူ တဲ့ ဘဝ ရဖို့ ၊ အပေး အယူလေးတွေ မျှ-ကစို့ လို့ ဆုံးဖြတ်ချိန်မှာ
အိမ်ရှေ့ပေါက်က တံခါးခေါက် ၊ 
“ဟောဒီမှာ မင်းအတွက် ခရစ္စမတ် လက်ဆောင်” တဲ့ ၊
အိမ်တံခါးကို အဖွင့်မှာ ဇိမ် များနဲ့ စိမ် ထားတဲ့ ငါ့ဝိညာဉ်ကို 
ပါကင်လှလှလေးနဲ့ ထုပ်ပိုးထားတာ တွေ့လိုက်ရတယ်၊

ယောဘ ၂၂း၂၁

(မင်းအောင်သက်လွင်)

 

.